တရားမဝင်ကုန်စည်စီးဆင်းနေတဲ့ ရေလမ်းဝင်ထွက်ပေါက်များနဲ့ မော်လမြိုင်၊ သထုံဘူတာများကို မကြာခဏ ရှောင်တခင် စစ်ဆေးသင့်

Mon, 05/13/2013 - 03:29 -- admin

Mobile Team အနေနဲ့ မြဝတီ- ရန်ကုန် ကုန်သွယ်မှု လမ်းကြောင်း တစ်လျှောက် ကားလမ်းပေါ်မှာ စစ်ဆေးတဲ့ အပြင် ရထားလမ်းကိုပါ ရံဖန်ရံခါ စစ်ဆေးနေတဲ့ အတွက် ယခင် တရားမဝင် လမ်းကြောင်းမှ ဆောင်ရွက်နေတဲ့ ကုန်သည်ကြီးများဟာ ကျုံဒိုး၊ မော်လမြိုင်၊ ကျိုက်ထိုတို့မှ တစ်ဆင့် ရန်ကုန်သို့ ရေလမ်းကြောင်းနဲ့ တန် ၂၀ဝ ဝန်းကျင်ခန့် သယ်နိုင်တဲ့ ကမ်းရိုးတန်းသွား စက်လှေများနဲ့ ကုန်ပစ္စည်းများ သယ်ယူမှုရှိနေ ပါတယ်။ ဝေါမြို့အတွင်းမှာ Mobile Team အဖွဲ့ စစ်ဆေးမှုများ ဆောင်ရွက်ချိန်မှာတော့ ကျိုက်ထို ဝန်းကျင်နဲ့ သိမ်ဇရပ်တို့မှ စစ်တောင်းမြစ် အတိုင်း တောင်ဘက် ပဲခူးတိုင်း ဒေသကြီး သနပ်ပင်မြို့နယ်နဲ့ မြောက်ဘက် ရွှေကျင်မြို့တို့ကို စက်လှေငယ်များဖြင့် သယ်၍ ဈေးကွက်များသို့ ဝင်ရောက်မှုများ ရှိနေတယ်လို့ သတင်းရရှိ ပါတယ်။ ရေလမ်းဝင်ထွက်ပေါက် ဆိပ်ကမ်းများ၊ တရားမဝင် ကုန်ပစ္စည်းတင်ရာ ကျုံဒိုး၊ မော်လမြိုင်၊ ကျိုက်ထို၊ သိမ်ဇရပ် ဆိပ်ကမ်းများမှာ ထိရောက်တဲ့ ဖမ်းဆီးမှုများ လုပ်ရန် လိုအပ်သလို မော်လမြိုင်နဲ့ သထုံဘူတာများကိုလည်း မကြာခဏ ရှောင်တခင် စစ်ဆေးသင့်တယ်လို့ Mobile Team အဖွဲ့က ဖော်ထုတ် တွေ့ရှိထားတယ်လို့ သတင်းရရှိပါတယ်။

သွင်းကုန် လုပ်ငန်းခွန်များ နိုင်ငံတော်သို့ ကျသင့်ကျထိုက်တဲ့ အခွန်အခများ ပေးဆောင်ထားတဲ့ ကုန်ပစ္စည်းများ သယ်ဆောင်ချိန်မှာ မွန်နဲ့ ကရင်ပြည်နယ်၊ ပဲခူး/ ရန်ကုန်တိုင်း ဒေသကြီးများရှိ ရဲတပ်ဖွဲ့ဝင်များမှ ကုန်တင် ယာဉ်များ အားစစ်ဆေး နေခြင်းကြောင့် မလိုလားအပ်တဲ့ ကြန့်ကြာမှုနဲ့ ကုန်သည်လုပ်ငန်းရှင်များ ငွေကြေး ထပ်မံ ကုန်ကျမှုများ ဖြစ်ပေါ်စေလျက် ရှိတယ်လို့ ကုန်သည် အသိုင်းအဝိုင်းနဲ့ ယာဉ်လိုင်းများက ပြောကြားလျက်ရှိပါတယ်။

Source: (လရ-၂) DOBT-MIRT