စားသုံးသူ အကာ အကွယ် ပေးရေး ဥပဒေ သက်ဝင် လှုပ်ရှား လာသည့် အခါတွင် မျက်စိ မှိတ်၍ ဈေးဝယ် ထွက်ပါ မည်

Tue, 05/14/2013 - 05:23 -- admin

 သောကြာနေ့  ၁  မတ်လ  ၂၀၁၃ 10း10 AM

နိုင်ငံခြား သို့ ရောက်ဖူးသူ ကဲ့သို့

ကျွန်တော် နိုင်ငံခြား သို့ ပညာတော်သင် မသွားဖူးပါ။ အစည်း အဝေး လည်း မတက်ရောက် ဖူးပါ။ Seminar လည်း မတက် ရောက်ဖူး ပါ။ လေ့လာရေး ခရီးလည်း မသွားဖူးပါ။ ဒါပေမယ့် ခပ် ငယ်ငယ် ကတည်းက ရေဒီယို လိုင်း ပေါင်းစုံ နားထောင် တယ်။ ခပ်ငယ်ငယ် ကတည်းက ဗိုလ်တစ်ထောင် သတင်းစာ၊ နိုင်ငံ တကာ ရေးရာ စာစောင် တို့ကို အာသာ ငမ်းငမ်း ဖတ်ခဲ့ ဖူးတယ်။ ဆောင်းပါးရှင် အောင်ဝင့်နဲ့ ဆွေလတ်တို့ ရေးတဲ့ နိုင်ငံ တကာ ဆောင်းပါး များဟာ ကျွန်တော့် အတွက် အကြိုက်ဆုံး ကဏ္ဍ ဖြစ်သွား ရတယ်။ ယခု ချိန်ထိ သတင်း စာများ၊ ဂျာနယ်များ ဖတ်ရင် နိုင်ငံ တကာ သတင်း များ လက် မလွတ် တန်း ဖတ်နေဆဲ ဖြစ်ပါ တယ်။ တီဗွီ ကြည့်ရင် တောင်မှ သတင်းနဲ့ နိုင်ငံခြား ဇာတ်ကား ကို အချိန် ရသလို ကြည့်တတ် ပါ တယ်။ နိုင်ငံတော် မှ တာဝန်ရှိ ပုဂ္ဂိုလ်များ နိုင်ငံခြား သို့ သွားရောက် တဲ့ အခါ တိုင်း ကျွန်တော် ရဲ့ အလုပ်က သူတို့ နိုင်ငံ အကြောင်း သိရ သလောက် ၊ မြင်ရ သလောက် ရုပ်/သံ မှ တစ်ဆင့် မှတ်သား ရခြင်းဘဲ ဖြစ်တယ်။ အကျိုး ကျေးဇူး ကတော့...............(ဆက်လက်ဖတ်ရှုရန် ခေါင်းစဉ်ကို နှိပ်ပါ)
နိုင်ငံခြားသို့ ကိုယ်တိုင် သွားရ သလိုဘဲ လေ့လာခွင့် ရခြင်းဘဲ ဖြစ်ပါ တယ်။ ၁၉၉၇ ခုနှစ် ခန့်က ကျွန်တော်ရဲ့ သူငယ်ချင်း  တစ်ယောက် နိုင်ငံခြားကို တာဝန်နဲ့ သွားဖို့ အတွက် ကျွန်တော့်ထံ အပြေး အလွှားနဲ့ ရောက်လာ ပါတယ်။ အကြောင်း ကတော့ သူသွားရမဲ့ အစ္စရေး နိုင်ငံ အကြောင်း ရှာဖွေ လေ့လာချိန် နည်းတဲ့ အတွက် လိုရင်း တိုရှင်းနဲ့ ပြည့်ပြည့် စုံစုံ ပြောပြ ပေးရန် အကူ အညီ တောင်းခံ လာတာ ဖြစ်ပါ တယ်။ တိုက်ဆိုင် နေလို့လား မပြောတတ်၊ ကျွန်တော်ဟာ အစ္စရေး နိုင်ငံ အကြောင်း အလွန် စိတ် ဝင်စားတဲ့သူ တစ်ဦး ဖြစ်ပြီး သူသိလိုတဲ့ အကြောင်း အရာ တွေလည်း ကြိုတင် လေ့လာပြီး ဖြစ်နေတဲ့ အတွက် ချက်ချင်း အဆင်ပြေ သွားပါတယ်။

ကမ္ဘာ့ နိုင်ငံ များရဲ့ စားသုံးသူ အကာ အကွယ် ပေးရေး လုပ်ငန်း အကြောင်းကို နိုင်ငံခြားသို့ မသွား ရဘဲ သွားတဲ့ လူများ ပြောတဲ့ အကြောင်း အရာတွေကို မှတ်သားခဲ့ ရပါတယ်။ နိုင်ငံ ရပ်ခြားမှာ နေတဲ့ အသိ မိတ်ဆွေ များကို မေးမြန်း ခဲ့ပါတယ်။ အဲဒီလို မေးတဲ့ မြန်းတဲ့ အခါမှာတော့ ကိုယ့်နိုင်ငံက စားသုံးသူ အကာ အကွယ် ပေးရေး လုပ်ငန်း ဆောင်ရွက်ဖို့ တော်တော်လေး လိုနေ သေးပါလား ဆိုတာ မျက်စိ ထဲမှာ မြင်ယောင် လာပါတယ်။ ရန်ကုန်မြို့မှာ ဖွဲ့စည်း ထားတဲ့ စားသုံးသူ အကာ အကွယ် ပေးရေး အဖွဲ့ရဲ့ လှုပ်ရှားမှု ကိုလည်း မျက်ခြေ မပြတ် လေ့လာ ခဲ့တယ်။ ဒါကြောင့် ကျွန်တော်တို့ နိုင်ငံ မှာလည်း နိုင်ငံခြား တိုင်းပြည် များလို စားသုံးသူ အကာ အကွယ် ပေးရေး လုပ်ကိုင် ဆောင်ရွက် နေတဲ့ လူများ ရှိနေသေး ပါလား ဆိုတာ သိတဲ့ အချိန်မှာ အားတက် မိပါတယ်။ ကြိုဆို တယ်ပေါ့ဗျာ၊ ဒီထက် အရေး ကြီးတာက စားသုံးသူ အကာ အကွယ် ပေးရေး လုပ်ငန်းကို လူအများ သိရှိပြီး အလေး အနက်ထား လိုက်နာ တတ်ဖို့ဆို   တာပါဘဲ၊ ကျွန်တော်တို့ ဌာနက နိုင်ငံခြား ပြန် ဝန်ထမ်း တွေကို မေးမြန်းလိုက်၊ သူတို့ ပြုစုတဲ့ စာစောင်တွေ ဖတ်လိုက် နဲ့ မိမိ ဘာသာ သုံးသပ်ပြီး ဆောင်းပါး တစ်ပုဒ် ရေးရင် ကောင်းမှာပဲ ဆိုပြီး အကြံ ရလာတဲ့ အတွက် ရေး ဖြစ်သွားတာ ဖြစ်ပါတယ်။ ဂျပန်မှာ ဆေးလိပ် သောက်မိလို့ အချုပ်ထဲ ဝင်ရတဲ့ အဖြစ် အပျက် တစ်ခု၊ ဆေးလိပ် ကြောင့် လူရဲ့ အဆုပ်ကို ဒုက္ခ ပေးတယ် ဆိုတာ လူအများ သိကြ ပါတယ်။ ၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ထုတ် ကြေးမုံ သတင်းစာပါ သတင်း အရ ဥရောပ တိုက်မှာ ဆေးလိပ် သောက်တဲ့ အမျိုးသမီးများ ကင်ဆာ ဖြစ်ပွားမှု အကြောင်း သတင်း တစ်ပုဒ် ဖတ်လိုက် ရပါတယ်။ သတင်း အရ အမျိုး သမီးများ ကင်ဆာ ရောဂါဖြင့် သေဆုံးနှုန်း များပြား လာကြောင်း၊ ရင်သား ကင်ဆာထက် အဆုတ် ကင်ဆာဖြင့် သေဆုံးမှု ပိုမို များပြား လာကြောင်း၊ ဆေးလိပ် သောက်တဲ့ အတွက် အဆုတ် ကင်ဆာ ဖြစ်ပွား ရခြင်း အကြောင်း ပါရှိ လာပါတယ်။ ဆေးလိပ် သောက်တဲ့ အတွက် အဆုတ် ကင်ဆာ ဖြစ်ပွား ရခြင်း အကြောင်း ပါရှိ လာပါ တယ်။ ဆေးလိပ် သောက်တဲ့ အတွက် သောက်တဲ့ လူတွေတင် မကဘူး၊ မီးခိုး ရှုရှိုက် မိသူလည်း ရောဂါ ခံစား ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဂျပန် နိုင်ငံ မှာတော့ ဆေးလိပ် သောက်တဲ့ နေရာ ကို သတ်သတ် မှတ်မှတ် လုပ်ပေး တယ်လို့ ဆိုပါတယ်။ သူတို့ နိုင်ငံ တွေက အများ ပြည်သူနဲ့ ဆိုင်တဲ့ နေရာ တွေမှာ ကူးစက် လွယ်တဲ့ ကိစ္စ များမှာ အတော်ကို အကာ အကွယ် လုပ်ထား ကြတယ် ဆိုဘဲ။ ဒါကြောင့် သူတို့ နိုင်ငံ တွေမှာ ကိုယ့် နိုင်ငံလို ဆေးလိပ်ကို ကြုံသလို သောက်မိရင် စောင့်ကြည့်တဲ့ ကင်မရာက တစ်ဆင့် သိသွားတဲ့ လုံခြုံရေး အစောင့်တွေ ရောက်လာပြီး လာရောက် အဖမ်း ခံရဖို့ များနေ ပါတယ်။ ဒီ အခြေ အနေကို မသိတဲ့ ကျွန်တော်ရဲ့ ညီ ဝမ်းကွဲ တော်သူ တစ်ဦး ဂျပန်မှာ အဖမ်း ခံရပြီး အချုပ်ထဲ ဝင်ခဲ့ ရပါတယ်။ အများ ကျန်းမာရေး အတွက် လုပ်သင့် လုပ်ထိုက်တဲ့ စားသုံးသူ အကာ အကွယ် ပေးရေး လုပ်ငန်း တစ်ခုဘဲ ဖြစ်ပါ တယ်။ ကျွန်တော်တို့ နိုင်ငံ မှာလည်း ယခု အခါ ဆေးလိပ် မသောက် ရတဲ့ နေရာ သတ်မှတ် လာတာ တွေ့နေ ရပါတယ်။ အများနဲ့ ဆိုင်တဲ့ နေရာတွေ၊ ရုံးခန်းတွေ၊ စာသင်ကျောင်းတွေ၊ ဘုရား ကျောင်းကန်တွေ၊ ခရီးသည်တင် ဘတ်စ်ကား တွေပေါ်မှာ ဆေးလိပ် မသောက်ရ သတ်မှတ် ထားတာလိုက်နာ ဖို့က ပြည်သ ူတွေရဲ့ တာဝန် ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ စားသုံးသူအခွင့်အရေးများလေ့လာမိသမျှ

အမေရိကန် ပြည်ထောင်စုဟာ ၁၉၆၂ ခုနှစ်က သမ္မတ ဂျွန်အက်ဖ် ကနေဒီ လက်မှတ် ရေးထိုးတဲ့ စားသုံးသူ အကာ အကွယ် ပေးရေး ဥပဒေကို ထုတ်ပြန် ခဲ့ပါတယ်။ အဓိက (၄) ချက်ကို ထုတ်နှုတ်ပြီး တင်ပြ လိုပါတယ်။ ပထမ အချက် ကတော့ လုံခြုံ စိတ်ချမှုကို ရရှိစေမဲ့ အခွင့် အရေး(The Right of Safety)၊ ဒုတိယ အချက် ကတော့ သတင်း အချက် အလက် များအား ပြည့်စုံစွာ ရရှိ နိုင်မဲ့ အခွင့် အရေး (The Right to be informed) ၊ တတိယ အချက် အနေနဲ့ ရွေးချယ် ပိုင်ခွင့် အခွင့် အရေး (The Right to Choose)၊ စတုတ္ထ အချက် ဖြစ်တဲ့ တိုင်ကြား နိုင်ပြီး စီရင် ဆုံးဖြတ် မှုကို ခံယူ နိုင်တဲ့ အခွင့် အရေး (The Right to be heard) တို့ဘဲ ဖြစ်ပါ တယ်။ သူတို့ နိုင်ငံရဲ့ နှစ်ပေါင်း ၅ဝ ကျော်က ဥပဒေ ဟာ ကျွန်တော်တို့ နိုင်ငံကို စားသုံးသူ ကာကွယ်ရေး ဥပဒေ မပြဌာန်း ရသေးတဲ့ နိုင်ငံများ အတွက် ကိုးကားလ ရနိုင်တယ် ဆိုတာ သွားတွေ့ ရပါတယ်။

လုံခြုံ စိတ်ချ ရမှု အခွင့်အရေး

လုံခြုံ စိတ်ချ ရမှု ရရှိ စေမဲ့ အခွင့် အရေး ဆိုတာ ကျွန်တော် တို့လို စီးပွားရေး အင်အား ကြီးတဲ့ နိုင်ငံ များက ဝန်းရံ ထားတဲ့ တိုင်းပြည် ငယ်များ အတွက် သူတို့ ထုတ်ကုန် ပစ္စည်း များထဲက အန္တရာယ် ပေးနိုင်တဲ့ ကုန်ပစ္စည်း များကို ကာကွယ် ပေးနိုင် တာဖြစ်တယ်။ ဥပမာ ထိုင်းနိုင်ငံ ကနေ ထုတ်လုပ်တဲ့ မုန့်ပုံးကို ဝယ်ယူ လာတယ် ဆိုပါစို့ အိမ်ရောက် လို့ ဖွင့်ဖောက် တဲ့ အခါမှာ မုန့်ဟာ မှိုတက် နေပြီး စားဖို့ မသင့်တာ မြင်နေ ရတယ် ဆိုရင် ''လုံခြုံ စိတ်ချမှု ရရှိ စေမဲ့ အခွင့်အရေး-ဥပဒေ'' ရဲ့ ပုဒ်မနဲ့ ဝယ်ယူ လာတဲ့ ဆိုင်ကို တရား စွဲလို့ ရတာ ဖြစ်တယ်။ ရောင်းတဲ့ ဆိုင်ကလည်း တာဝန်ယူ ဖြေရှင်း ပေးရမဲ့ တာဝန်ကို ဥပဒေက ပေးထား တာ ဖြစ်ပါတယ်။

သတင်း အချက် အလက်များ ရရှိ နိုင်မည့် အခွင့်အရေး

ကျွန်တော်တို့ မြန်မာ နိုင်ငံ ရဲ့ စားသုံးသူ အကာ အကွယ် ပေးရေး ဥပဒေမှာ စဉ်းစားလို့ သင့်တဲ့ အချက် တစ်ချက် ကတော့ စားသုံး သူများဟာ ကိုယ်ဝယ် ယူမဲ့ ကုန်ပစ္စည်း အကြောင်း သိရှိ နိုင်တဲ့ အခွင့် အရေးဘဲ ဖြစ်ပါ တယ်။ အမေ ရိကန် ပြည်ထောင်စုမှာ ထင်ရှားတဲ့ ဥပဒေထဲက တစ်ခု ဖြစ်ပါတယ်။ သူတို့ နိုင်ငံကို အကြောင်း အမျိုးမျိုးနဲ့ ရောက်သွားတဲ့ အာရှ တိုက်သားများ ရောက်ရောက်ချင်း သိကြတဲ့ သူတို့ရဲ့ ဥပဒေဘဲ ဖြစ်ပါ တယ်။ ကျွန်တော်တို့ နိုင်ငံသား တစ်ယောက် အမေရိကန် ခရီးစဉ်က ပြန်လာ ခါနီးမှာ စတိုး ဆိုင်ကြီး တစ်ဆိုင်ရဲ့ ဈေးအကြီးဆုံး ကင်မရာ တစ်လုံးကို ဝယ်ဖို့ မေးကြည့် လိုက်သတဲ့။ စတိုးဆိုင် မန်နေဂျာ ရောက်ရှိ လာပြီး ၎င်း ကင်မရာနဲ့ ဆိုင်တဲ့ စာရွက် တစ်ခု ထုတ်ပေး လိုက်တယ် တဲ့။ သေသေ ချာချာ ဖတ်ကြည့်တဲ့ အခါမှာ '' တရုတ် ပြည်တွင် တပ်ဆင် ထုတ်လုပ် သည်'' ဆိုတဲ့ စာတန်းလေး တွေ့သွား သတဲ့။ နဂိုက တရုတ်ပြည်က ထုတ်တဲ့ ကုန်ပစ္စည်း ကိုမှ အထင် မကြီး တတ်တဲ့ မြန်မာ ပြည်သား တစ်ယောက် တော့ အခက် တွေ့နေ ရပြီ။ နောက်ဆုံး မန်နေဂျာ က '' ကမ္ဘာမှာ အကောင်းဆုံး အီလက် ထရောနစ် ပစ္စည်းဟာ တရုတ် ပြည်က ထုတ်တာပါ'' တဲ့ ---- ကျွန်တော်တို့ နိုင်ငံမှာ ကိုယ်ဝယ်မဲ့ ကုန်ပစ္စည်း အကြောင်း သိနိုင်ဖို့ ဥပဒေ ပြဌာန်း ချက် မရှိသေးတဲ့ အတွက် ရောင်းတဲ့ လူပြော ချင်ရာ ပြောတဲ့ ကုန်ပစ္စည်း အညွှန်းနဲ့ဘဲ ဝယ်လိုက် ကြရတာ ဖြစ်တယ်။ တကယ်လို့ ရောင်းတဲ့ လူပြောတဲ့ အတိုင်း မဟုတ်ရင် စားသုံးသူကို ကာကွယ် ပေးမဲ့ ဥပဒေ မရှိ သေးတဲ့ အတွက် ရောင်းသူ နဲ့ ဝယ်သူ စကား များကြရ၊ ရန်ဖြစ် ကြရ အုံးမယ်။

ရွေးချယ်ပိုင်ခွင့်

ကျွန်တော်တို့ နောက် လေ့လာ ရမဲ့ သူတို့ရဲ့ စားသုံးသ ူဥပဒေက ရွေးချယ် ပိုင်ခွင့် အခွင့် အရေး ဘဲ ဖြစ်ပါတယ်။ ကျွန်တော် လွန်ခဲ့တဲ့ (၂၅) နှစ် လောက် တုံးက ရန်ကုန် မြို့လယ်၊ လမ်း (၃ဝ) နဲ့ အနော် ရထာ လမ်းမကြီး တစ်ဝိုက်ရှိ အထည် ရောင်းတဲ့ ဆိုင်တွေမှာ ဂျင်း ဘောင်းဘ ဝယ်ဖို့ ဈေးမေးခဲ့ ဖူးပါတယ်။ မကြိုက် သေးတာနဲ့ အနားက ဆိုင် တစ်ဆိုင်ကို သွားမေ းပါတယ်။ စောစောက ဆိုင်မှ ရောင်းတဲ့ သူလာပြီး ကျွန်တော့်ကို ပြဿနာ စရှာ လေတော့တယ်။ သူ့ဆိုင်မှာ မေးပြီး မဝယ်ဘဲ နောက် တစ်ဆိုင် သွားမေးတဲ့ အတွက် ပြဿနာ လုပ်လာတာ ဖြစ်တဲ့ အတွက် '' နောက်ကျ တဲ့ ခြေထောက်၊ သစ္စာ ဖောက်'' သီအိုရီ အရ အမြန်ဆုံး ပြေးရ တော့တယ်။ တကယ်လို့သာ အမေရိကန် ပြည်ထောင်စု လို စားသုံးသူမှ ရွေးချယ် ပိုင်ခွင့် ဥပဒေသာ ပြဌာန်း ပြီးသား ဆိုရင် ကျွန်တော် ထွက်ပြေး စရာ မလိုတော့ ဘူးပေါ့။

တိုင်ကြား ၍ စီရင် ဆုံးဖြတ်မှု ခံယူ နိုင်သည့် အခွင့် အရေး

အမေရိကန် ပြည်ထောင်စုရှိ အော်စလိုမြို့က မြန်မာ နိုင်ငံသား မိတ်ဆွေ တစ်ဦးရဲ့ ပြောပြ ဖူးတဲ့ အဖြစ် အပျက် တစ်ခု ယနေ့ တိုင် အမှတ် ရနေဆဲ ဖြစ်ပါတယ်။ အော်စလိုမြို့ စားသောက် ဆိုင် တစ်ဆိုင်မှာ ဆိုင်ရှင်ရဲ့ သားက သူတို့ ဆိုင်က ရောင်းတဲ့ အစား အသောက်တွေ စားပြီး ဝမ်းပျက် သွားတယ်တဲ့။ လာရောက် စားသောက်တဲ့ သူတွေ ထဲက နှစ်ဦး သုံးဦး လည်း ၎င်းတို့ ဆိုင်မှာ စားသောက်ပြီး ဝမ်းတွေ မကောင်းကြဘူး။ ဒါနဲ့ သားဖြစ်သူက သူ့အဖေ ဆိုင်ရှင်ကို တရား စွဲသတဲ့ အဖေ ဖြစ်တဲ့ သူကလည်း ကျေကျေ နပ်နပ်နဲ့ တရားရုံးမှာ သွားရောက် အစစ်ဆေးခံပြီး စားသုံးသူ တွေကို နစ်နာ ကြေးပေး၊ မြူနီ စပယ် ဥပဒေ အရ ဒဏ်ငွေ ပေးဆောင် ခဲ့တယ် ဆိုပဲ။ စိတ် ဝင်စားစရာ ကောင်းတဲ့ သူတို့ရဲ့ စားသုံးသူ အကာ အကွယ် ပေးရေး ဥပဒေ တစ်စိတ် တစ်ဒေသ ဖြစ်ပါတယ်။

ကုလ သမဂ္ဂရဲ့ စားသုံးသူ အကာ အကွယ် ပေးရေး ဆိုင်ရာ အခွင့် အရေးများ

စားသုံးသူ အကာ အကွယ် ပေးရေး ဥပဒေနဲ့ ပတ်သက်လို့ အရှေ့ တောင်အာရှ နိုင်ငံများရဲ့ ဥပဒေ၊ အခွင့် အရေးတွေ၊ လုပ်ထုံး လုပ်နည်း တွေ မလေ့လာမီ ကမ္ဘာ့ ကုလ သမဂ္ဂ အဖွဲ့ ချုပ်ရဲ့ စားသုံးသူ အကာ အကွယ် ပေးရေး၊ အခွင့် အရေး အကြောင်း ဆွေးနွေး တင်ပြ လိုပါတယ်။ ၁၉၈၅ ခုနှစ်က ထုတ်ပြန် အတည်ပြု လိုက်တဲ့ စားသုံးသူ အခွင့်အရေး (၄) ချက် ရှိပါ တယ်။ အဲဒါတွေ ကတော့ အခြေခံ လိုအပ် ချက်များ (စား၊ ဝတ်၊ နေရေး၊ ကျန်းမာရေး၊ ပညာရေး) ရရှိ ပိုင်နိုင်တဲ့ အခွင့် အရေး (The right to satisfy basic needs) ၊ ကျေနပ်မှု မရှိတဲ့ ကုန်စည်နဲ့ ဝန်ဆောင် မှုများ အပေါ် နစ်နာကြေး တောင်းခံ နိုင်တဲ့ အခွင့် အရေး(The Right to redress) ၊ ကုန်စည်နဲ့ ဝန်ဆောင် မှုများ အပေါ် မေးမြန်း ခွင့်၊ သတင်း အချက် အလက်များ ရယူ ပိုင်ခွင့်၊ စားသုံးသူ အခွင့် အရေးများ အပေါ် သိရှိခွင့်၊ ၎င်း တို့ကို ဘယ်လို ဆောင်ရွက် နေတယ် ဆိုတာ မေးမြန်းခွင့် (The right to consumer education)၊ ကျန်းမာရေး နှင့် ညီညွှတ် သော ပတ်ဝန်းကျင်တွင် နေထိုင် လုပ်ကိုင် ခွင့် ( The right to access healthy environment) တို့ပဲ ဖြစ်ပါ တယ်။

ကုလ သမဂ္ဂက ထုတ်ပြန် ခဲ့တဲ့ ဒီအခွင့် အရေး များဟာ ကမ္ဘာ့ နိုင်ငံ အသီးသီး ကို ပြဌာန်း စေချင် လို့၊ လိုက်နာ စေချင် လို့ ဖြစ်တယ် ဆိုတာ သိသာ လှပါတယ်။ ကမ္ဘာ့ နိုင်ငံ တော်တော် များများက လိုက်နာမှု အားနည်း နေတာ တွေ့ရှိ ရပါ တယ်။ အကြောင်း ကတော့ ကုလ သမဂ္ဂက ထုတ်ပြန်တဲ့ အချိန်မှာ ''ဝါဆော'' စစ် အုပ်စုနဲ့ 'နေတိုး'စစ် အုပ်စု တို့ရဲ့ ပြိုင်ဆိုင် မှုများ ကြောင့် အသက် မဝင်ဘူး လို့ မှတ်ချက် ပေးရမှာ ဖြစ်ပါတယ်။ ကုလ သမဂ္ဂကို နေတိုး အုပ်စုက ချယ်လှယ် စိုးမိုး တယ်လို့ 'ဝါဆော' အုပ်စုက မြင်နေတဲ့ အချိန် ဖြစ်ပါတယ်။ ဝါဆော အုပ်စုက ဆိုဗီယက် ပြည်ထောင်စု အပါ အဝင် ကွန်မြူနစ် နိုင်ငံများ ဖြစ်ပြီးတော့ နေတိုး အုပ်စု ကတော့ အရင်းရှင ်နိုင်ငံများ ဖြစ်ကြ ပါတယ်။ ဒါပေမယ့် အရှေ့ အုပ်စုနဲ့ အနောက် အုပ်စု ဆိုတာ တွေ မရှိ တော့တဲ့ နောက်ပိုင်းမှာ ကုလသမဂ္ဂရဲ့ ဒီအခွင့် အရေးတွေ စိတ် ဝင်စား မှုတွေ ရှိလာ ကြပြီး စားသုံးသူ ကာကွယ်ရေး ဥပဒေ အနေနဲ့ ပြဌာန်း လာတာ တွေတော့ မြင်နေ ရတာ ဖြစ်ပါတယ်။

 

 

မျက်စိမှိတ်၍ဈေးဝယ်လိုက်ချင်ပြီ

နိုင်ငံ တော်တော် များများ ဟာ သူတို့ရဲ့ စားသုံးသူ ပြည်သူ တွေ လုံခြုံစွာ ဝယ်ယူ စားသောက် နိုင်ရေးကို အလေးထား ဆောင်ရွက်တာ ကြား နေရ၊ မြင်နေ ရတာ ဖြစ်ပါ တယ်။ ကျွန်တော် တို့ရဲ့ ပို့ကုန်တွေ သူတို့ဆီ ရောက်သွား တဲ့အခါ ဟိုစစ် ဒီစစ် လုပ်တာ ဟာ တကယ်တန်း ကျတော့ သူတို့ရဲ့ စားသုံးသူ အကာ အကွယ် ပေးရေး ဥပဒေ အရ ဆောင်ရွက် နေကြ တာသာ ဖြစ်ပါတယ်။ တလောက ဟိုးလေး တကျော် ဖြစ်ခဲ့တဲ့ တရုတ် နိုင်ငံ ထုတ် 'ချယ်ရီ' ကားကို သြစတြေးလျ နိုင်ငံ ရဲ့ စားသုံးသူ အကာ အကွယ် ပေးရေး ဥပဒေ အရ စစ်ဆေးတဲ့ အခါ ကင်ဆာ ရောဂါ ဖြစ်စေ နိုင်တဲ့ ပစ္စည်း ပါဝင်တယ် ဆိုပြီး သတင်း ထွက်တာ ဖြစ်ပါတယ်။ ဒီနိုင်ငံ တွေကနေ တင်သွင်း ခွင့်ပြု လိုက်တဲ့ ကုန်ပစ္စည်း များဟာ ဥပဒေနဲ့ အညီ စစ်ဆေး ထားတဲ့ အတွက် စားသုံးသူ များက စိတ်ချ လက်ချ ဝယ်ယူ နိုင်တာ ဖြစ်ပါတယ်။

အခုတော့ ကျွန်တော်တို့ ဆီမှာ ဘာကုန် ပစ္စည်းပဲ ဝယ်ဝယ် မျက်စိ နှစ်လုံး၊ နား နှစ်ဖက်ကို ဖွင့် ဝယ်ယူ ပြီးရင် ချက်ချင်း မစားသုံးပဲ သတင်း နားစွင့် နေရ သေးတာ ဖြစ်ပါတယ်။ ကိုယ်ဝယ် သုံးတဲ့ ပစ္စည်းဟာ အန္တရာယ် ရှိ/မရှိ ဆိုတာ တွေပေါ့။ တကယ်လို့ စားသုံးသူ အကာ အကွယ် ပေးရေး ဥပဒေ ထွက်ပေါ် လာခဲ့ရင် စားသောက်ကုန် ပစ္စည်းပဲ ဝယ်ဝယ်၊ လူသုံးကုန် ပစ္စည်းပဲ ဝယ်ဝယ် အနည်းဆုံး တော့ ဈေးသည်ကို အားနာတာ တို့၊ ကြောက်ရွံ့တာတို့ မရှိတော့ ဘူးပေါ့။ ရဲရဲ တင်းတင်း ဝယ်လို့ ရမှာ ဖြစ်တယ်။ လာမဲ့ ၂ဝ၁၅ ခုနှစ် အာဆီယံ နိုင်ငံ တွေဟာ စီးပွားရေး အသိုက် အဝန်း ထဲကို ဝင်ရောက် ကြတော့ မှာ ဖြစ်တဲ့ အတွက် အခြား အာဆီယံ နိုင်ငံများ နည်းတူ စားသုံး အကာ အကွယ် ပေးရေး ဥပဒေ ရှိကိုရှိ လာတော့မှာ ဖြစ်ပါတယ်။ အဲဒီ အချိန် ကျရင် ဘာဝယ်ဝယ် မျက်စိမှိတ်ပြီး ဈေးဝယ်လို့ ရတော့မယ် ဆိုတဲ့ အကြောင်း ဆွေးနွေး တင်ပြ လိုက်ရပါတယ်။

 

ခမ်လျန်စွမ်း