ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ သွင်းကုန်အမယ်အသစ် အထည်အလိပ် (CMP) တင်သွင်း

Thu, 02/23/2023 - 05:19 -- DotBorderdep

          ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနစ်၊ ဇန်နဝါရီလမှစ၍ သွင်းကုန်အမယ်သစ်ဖြစ်သည့် အထည်အလိပ် (CMP) ကို တင်သွင်းနိုင်ခဲ့သည်။ အထည်အလိပ် (CMP) ကို ကုန်သွယ်ရေးဦးစီးဌာန ရုံးချုပ် မှ Myanmar Tradenet (2.0) စနစ်ဖြင့် ထုတ်ပေးသည့် သွင်းကုန်လိုင်စင်၊ အကောက်ခွန်ဦးစီးဌာန၏ Release Order Notification တို့ဖြင့် တင်သွင်းလျက်ရှိသည်။

          သွင်းကုန်အမယ်သစ်ဖြစ်သည့် အထည်အလိပ် (CMP) တင်သွင်းရန်အတွက် ရန်ကုန်မြို့အခြေစိုက် ကုမ္ပဏီ (၄၅)ခုမှ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းတွင် ပို့ကုန်/သွင်းကုန် လုပ်ငန်းများ စတင်ဆောင်ရွက် ခွင့်ပြုရန် ကုမ္ပဏီမှတ်ပုံတင်လက်မှတ်၊ ထုတ်ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ်၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)အသင်းဝင်လက်မှတ်၊ ကုမ္ပဏီ ဒါရိုက်တာစာရင်းပုံစံ Form VI, XXVIအမည်ပျက်စာရင်းတွင် ပါဝင်ခြင်းမရှိကြောင်း ကုမ္ပဏီ၏ ဝန်ခံချက်တို့ ဖြင့် တင်ပြလျှောက်ထားခဲ့သည်။

          ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလတွင် ကုမ္ပဏီ (၃၂)ခုမှ အထည်အလိပ် (CMP) KG,M,PR,U (၉၄၉၈၃၀၁.၀၇) တန်ဖိုး (၂.၂၇၄) ဒေါ်လာသန်း တင်သွင်းခဲ့သည်။ ဇန်နဝါရီလ၏ အထည်အလိပ် (CMP)တင်သွင်းမှုမှာ ဇန်နဝါရီလ သွင်းကုန်လျာထားချက် (၉.၀၀၀) ဒေါ်လာသန်းအပေါ်တွင် (၂၅.၂၇%) ဆောင်ရွက်နိုင်ခဲ့သည်။ ဖေဖော်ဝါရီလ (၁၉) ရက်နေ့အထိ အထည်အလိပ် (CMP)KG,M,PR,U (၂၄၉၀၉၈၆.၁၆)တန်ဖိုး (၁.၉၃၉) ဒေါ်လာသန်း တင်သွင်းခဲ့သည်။ ဖေဖော်ဝါရီလ၏ အထည်အလိပ် (CMP)တင်သွင်းမှုမှာ ဖေဖော်ဝါရီလ သွင်းကုန်လျာထားချက် (၇.၀၀၀) ဒေါ်လာသန်းအပေါ်တွင် (၂၇.၇၀%) ဆောင်ရွက်နိုင်ခဲ့သည်။ အများဆုံး တင်သွင်းခဲ့သည့် ကုန်ပစ္စည်းများမှာ ပိတ်လိပ်၊ Label ဇစ် (Zipper)ချည် (Yarn) Tapeတို့ဖြစ်သည်။

          သွင်းကုန်အမယ်သစ်ဖြစ်သည့် အထည်အလိပ်(CMP)များတင်သွင်းမှုသည် ချင်းရွှေဟော်ကုန်သွယ် ရေးစခန်း၏ သွင်းကုန်လျာထားချက်ပြည့်မှီရေးအပေါ် အထောက်အကူပြုလျက်ရှိသည်။ အထည်အလိပ် (CMP)တင်သွင်းလာသည့် ကုမ္ပဏီများ၏ အထည်ချုပ်စက်ရုံအများစုသည် ရန်ကုန်မြို့ လှိုင်သာယာစက်မှုဇုံ၊ ရွှေပြည်သာစက်မှုဇုံနှင့် မှော်ဘီမြို့တို့တွင် တည်ရှိသည်။ အဆိုပါ စက်ရုံများမှ ထွက်ရှိ လာသည့် (CMP)ကုန်ချောများအား ပင်လယ်ရေကြောင်းမှ (ထိုင်း၊ ဗီယက်နမ်၊ ကိုရီးယား၊ ဂျာမဏီ၊ ပြင်သစ်၊ ဂျပန်၊ စင်္ကာပူ၊ အိန္ဒိယ) နိုင်ငံများသို့ တင်ပို့မည်ဖြစ်ကြောင်း သိရသည်။

Border Trade News

Pages