ဈေးနှုန်းကျဆင်းလျက် အရောင်းအဝယ်အေးနေသော ပုသိမ်ဆိုင်ကယ်ဈေးကွက်

Fri, 09/16/2011 - 07:33 -- Anonymous (not verified)

ပြောင်းလဲလာသော ခေတ်နဲ့အညီ ယခင် ၄-၅ နှစ်ခန့်က ပုသိမ်မြို့တွင်း သွားလာရာတွင် စက်ဘီးများကိုသာ အဓိကအသုံးပြုလျက် နေရာမှာ ယခုအချိန်တွင် အချိန်ကုန်သက်သာပြီး၊ ခရီးတွင်ကျယ်မှုရှိသော မော်တော်ဆိုင်ကယ် များကို ပုသိမ်မြို့တွင်း မြို့နယ်များနဲ့ ကျေးရွာများတွင်လည်း နေရာအနှံ့အသုံးပြုလျက်ရှိပါတယ်။
ပုသိမ်ဈေးကွက်တွင် တရုတ်နိုင်ငံမှ ထုတ်လုပ်၍ လူကြိုက်များသော ကမ်ဘို ၁၁၀၊ လော်ဂျား ၁၁၀၊ ရိုးမရာဇာ Stream  110 ဆိုင်ကယ်ဈေးနှုန်းများမှာ ဇူလိုင်-သြဂုတ်လပိုင်းဈေးနှုန်းမှ ယခုစက်တင်ဘာလမှာ ဆိုင်ကယ် ၁စီး ကျပ် ၂ သိန်းခန့် ဈေးနှုန်းကျ ဆင်းပြီး၊ အရောင်းအဝယ်အေးလျက်ရှိကြောင်း သိရပါတယ်။
တရုတ်နိုင်ငံထုတ် ကမ်ဘို ၁၁၀ လိုင်စင်ပါ ဆိုင်ကယ် ၁ စီးလျင် ယခင် ၈ သိန်းခွဲကျပ်မှ ယခု ၆ သိန်း ၈သောင်းကျပ်၊ လော်ဂျား ၁၁၀ မှာ ၈ သိန်း၊ ၈ သိန်းခွဲကျပ်မှ ယခု ၆ သိန်း ၈ သောင်းကျပ်၊ ကမ်ဘိုဆူပါကပ် ယခင် ၇ သိန်းကျပ်မှ ယခု ၅ သိန်းခွဲ၊ ၅သိန်း ၈ သောင်း ကျပ်ဈေးနဲ့ ပခုက္ကူစက်မှုဇုန်ထုတ် ရိုးမရာဇာ Stream 110 ဆိုင်ကယ်မှာ ယခင် ၈ သိန်း ၃ သောင်းကျပ်မှ  ၇ သိန်း ၇ သောင်းကျပ် ဈေးကျဆင်းပြီး ယခုအချိန် ၇ သိန်းကျပ် ဈေးသာရှိကြောင်းသိရပါတယ်။ ယိုးဒယားနိုင်ငံထုတ် Shogun  Suzuki ဆိုင်ကယ်ဈေးနှုန်း မှာ ယခင် ၂၃ သိန်းကျပ်မှ ယခုရောင်းဈေး ၁၇ သိန်းခွဲ၊ ၁၈ သိန်းကျပ်ဈေးနဲ့ ဈေးနှုန်းကျဆင်းလျက်ရှိပြီး၊ လူကြိုက်နည်းတဲ့ မာဘို၊ တွန်ဟွန်း၊ တိုယို၊ ဖီးလင်းဆိုင်ကယ်ဈေးနှုန်းမှာ ယခင်လိုင်စင်ပါ ၆ သိန်း ၆ သိန်းခွဲကျပ်မှ ယခုအချိန် ၄ သိန်းခွဲ၊ ၅ သိန်းကျပ်ဈေး အတွင်းသာရှိကြောင်း သိရပါတယ်။
ပုသိမ်ဈေးကွက်တွင် ကမ်ဘို ၁၁၀၊ လော်ဂျား ၁၁၀၊ ဆူပါကပ်၊ ရိုးမရာဇာ Stream 110 ၊  Shogun  Suzuki  ဆိုင်ကယ်နဲ့ အခြားဆိုင်ကယ်မျိုးစုံရောင်းချလျက်ရှိတဲ့ Suzuki အရောင်းဆိုင်မှ ယခင်ပွင့်လင်းရာသီမှာ တစ်နေ့ ဆိုင်ကယ်အစီးရေ ၈၀-၁၀၀ ရောင်းချရသော်လည်း ယခုဆိုင်ကယ်ဈေးနှုန်းကျဆင်းချိန်မှာ တစ်နေ့အစီးရေ ၃၀-၄၀ ခန့်သာရောင်းချမှုရှိကြောင်း၊ အရောင်းဆိုင်မှလည်း ဆိုင်ကယ်အသစ်များကို တစ်ဝက်လက်ငင်းချေ၊ တစ်ဝက် ၆ လအတွင်းပေးချေရသောစနစ်ဖြင့် ရောင်းချလျက် ရှိကြောင်း၊ လောလောဆယ်ဆိုင်ကယ်ဈေးနှုန်းကျဆင်းချိန် ဝယ်လိုအားလျော့နည်းနေသော်လည်း ပွင့်လင်းရာသီမှာ ဆိုင်ကယ် ဈေးကွက်ပြန်လည် သွက်လက်လာတယ်လို့ ခန့်မှန်းကြောင်း ဈေးကွက်မှ သိရပါတယ်။
မင်းမင်းဦး - ပုသိမ်