အထက်မင်းလှမြို့နယ် တောင်ဦးကျေးရွာ၌ ချည်မျှင်ရှည်ဝါသီးနှံ စတင်စိုက်ပျိုး

Tue, 08/27/2024 - 04:22 -- mocadmin

   မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်အတွင်းရှိ ပန်းတော်ပြင်၊ ရေခါး၊ ကုန်းကြီး၊ တောင်ဦး၊ လယ်လှနှင့် ဒေါင်းဘုတ် စသည့်ကျေးရွာများ၌ ချည်မျှင်ရှည်ဝါသီးနှံကို ဩဂုတ်လ၊ တတိယ ပတ်မှ စတင်၍ စိုက်ပျိုးလျက်ရှိပြီး စိုက်ဧက ၈၀၀ ခန့်စိုက်ပျိုးထားရှိကြောင်း သိရသည်။

   ချည်မျှင်ရှည်ဝါမျိုးအနေဖြင့် ဝါအထွက်နှုန်းနှင့် ဝါဂွမ်းအရည်အသွေးကောင်းမွန်သည့် ရွှေတောင်-၈ နှင့် ရွှေတောင်-၁၀ မျိုးများကို စိုက်ပျိုးကြပြီး ရွှေတောင်-၁၀ မျိုးကို အများဆုံး စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးရာတွင် ထွန်ကြောင်းဆွဲ၍ အစေ့ချစနစ်ဖြင့်လည်းကောင်း၊ ကြဲပက်စနစ်ဖြင့်လည်းကောင်း စိုက်ပျိုးကြပြီး ဝါမျိုးများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တစ်ပိဿာလျှင် ငွေကျပ် ၃,၀၀၀ ဖြင့် ဝယ်ယူရ၍ တစ်ဧကလျှင် မျိုးစေ့ ၇ ပိဿာခန့် စိုက်ပျိုးရပြီး စိုက်ပျိုးပြီး ရက်ပေါင်း ၁၂၀ ကျော် အကြာတွင် ဝါသီးနှံများကို ခူးဆွတ်နိုင်ကြောင်း သိရသည်။

   စိုက်ပျိုးမှုအတွက် တစ်ဧကလျှင် မျိုး၊ မြေပြုပြင်ခ၊ သွင်းအားစု၊ လုပ်အားခအပါအဝင် စုစုပေါင်း ငွေကျပ် ၃၀၀,၀၀၀ ခန့်ကုန်ကျကြောင်း၊ ယခင်နှစ်က တစ်ဧကလျှင် ဝါပိဿာချိန် ၅၀၀ ကျော်ထွက်ရှိပြီး တစ်ပိဿာလျှင် ငွေကျပ် ၂,၈၀၀-၃,၂၀၀ ဖြင့် ရောင်းချရကြောင်း၊ ဝါသီးနှံသည် ရာသီဥတုအပေါ်မူတည် ၍ အထွက်နှုန်းကွာခြားချက်ရှိပြီး ယခင်နှစ်က မင်းလှမြို့နယ်၌ ရာသီဥတုအခြေအနေကြောင့် ဝါသီးနှံ အထွက်နှုန်း လျော့နည်းခဲ့သော်လည်း ဈေးကောင်းရရှိသောကြောင့် ဝါစိုက်တောင်သူများအနေဖြင့် အကျိုးအမြတ်များရရှိခဲ့ကြောင်း၊ ဈေးကွက်အနေဖြင့်အထက်မင်းလှမြို့ရှိ ဝါပွဲရုံများသို့ တင်ပို့ရောင်းချ ကြောင်း၊ ယခုနှစ်တွင်လည်း အထွက်နှုန်းကောင်းမွန်၍ ဈေးကောင်းရရှိပါက အကျိုးအမြတ်များ ပိုမို ရရှိနိုင်ကြောင်း ဝါစိုက်တောင်သူတစ်ဦးထံမှ သိရှိရသည်။

DOCA (မကွေး)

Local Trade News