အထက်မင်းလှမြို့နယ်၌ ကြက်သွန်နီသီးနှံများ စတင်စိုက်ပျိုးလျက်ရှိ

Fri, 10/04/2024 - 04:19 -- mocadmin

   မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်၊ ကုန်းကြီးကျေးရွာအုပ်စုရှိ ဂျင်ရဲမြောင်(စံပြ) ကျေးရွာတွင် သီးနှံမျိုးစုံကို ရာသီအလိုက်စိုက်ပျိုးလျက်ရှိပြီး စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သော ကြက်သွန်နီသီးနှံကို စိုက်ပျိုးလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ နောက်ဆုံးပတ်အထိ ကြက်သွန်နီ ၄၀ ဧကခန့် စိုက်ပျိုးထားကြောင်း သိရသည်။

   ကြက်သွန်နီသီးနှံကို စက်တင်ဘာလတွင် စတင်စိုက်ပျိုးပြီး ရက်ပေါင်း ၉၀ အကြာတွင် တူးဖော်ရကြောင်း၊ မျိုးအနေဖြင့် ကြက်သွန်နီ (ဇော်မွှားဥစိုက်) မျိုးများကို စိုက်ပျိုးပြီး တစ်ဧကလျှင် မျိုးဥအရွယ်အစားပေါ်မူတည်၍ ပိဿာချိန် ၃၅၀-၄၀၀ စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးမှုအတွက် မျိုး၊ မြေပြုပြင်ခ၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် ငွေကျပ် ၂၀ သိန်းခန့် ကုန်ကျကြောင်း၊ ယခင်နှစ် အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ပိဿာချိန် ၃၀၀၀ ခန့်ထွက်ရှိခဲ့ပြီး ကြက်သွန်နီသီးနှံ ပေါ်စအချိန်တွင် တစ်ပိဿာလျှင် ၃,၈၀၀-၄,၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာ အကျိုးအမြတ် အနေဖြင့် ကျပ်သိန်း ၉၀ ကျော်ခန့် ရရှိခဲ့ကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်း ရောင်းချမှုအပြင် ရန်ကုန် (ဘုရင့်နောင်ပွဲရုံ) သို့ တင်ပို့ရောင်းချကြောင်း သိရှိရသည်။

DOCA (မကွေး)