ရှမ်းကြက်သွန်ဖြူအသစ်များ ဈေးကွက်သို့စတင်ဝင်

Tue, 03/08/2016 - 09:20 -- admin_ygn

ရှမ်းပြည်နယ်တောင်ပိုင်းရဲ့ အဓိကသီးနှံတစ်မျိုးဖြစ်တဲ့ ကြက်သွန်ဖြူအသစ် တွေ ဒီတစ်လမှာ စပြီးဝင်လာပါပြီ။ သီတင်းကျွတ်၊ တန်ဆောင်မုန်းမှာ ပြန်စိုက်ကြပြီး၊ တပေါင်း၊ တန်ခူးမှာ ပြန်ပေါ်လေ့ရှိပါတယ်။ အစောဆုံးဖေါ်တဲ့ အချိန်ကတော့ မတ်လဆန်းမှာဖြစ်ပြီး၊ ဧပြီမှာဆိုရင်တော့ လှိုင်လှိုင်ဝင်လာတော့မှာဖြစ်ပါတယ်။အခုတစ်ပတ်မှာလည်း တောင်ကြီး၊ တောင်ဘက်ခြမ်းကကြက်သွန်ဖြူတွေ စပြီးတော့ ဈေးကွက်ကို ဝင်လာပါပြီ၊ မနှစ်ကတော့ တစ်ရာသီလုံး ဈေးအတက်အကျ သိပ်မရှိခဲ့ပေမယ့် ရာသီကုန်ခါနီးမှာ ဈေးကကောင်းလာပါတယ်။ လက်ကျန်နည်း သွားတဲ့ ဒီဇင်ဘာ၊ ဇန်နဝါရီမှာ ဈေးစပြီးတက်လာခဲ့တာ  ဖေဖော်ဝါရီလမှာတော့ လက်ကားဈေး တွေမရှိတော့ဘဲ  လက်လီဈေးက တက်လာပါတယ်။ လက်လီဈေး ကွက်မှာ အမွှာဆိုရင် တစ်ပိဿာကို အနိမ့်ဆုံး ၆၀၀၀ ကျပ်မှ အမြင့်ဆုံး ၇၂၀၀ ကျပ်ရှိပြီး၊ ဥ တစ်လုံးဆိုရင် အနိမ့်ဆုံး ၉၀၀၀ ကျပ်မှ အမြင့်ဆုံး ၁၀၀၀၀ ကျပ်ဈေး ပေါက်ခဲ့ပါတယ်။
လူမှုကွန်ရက်တွေကနေ ရှမ်းကြက်သွန်ဖြူစားသုံးရင်  ကျန်းမာရေးအတွက် ကောင်းကြောင်း၊ ရေးသားမှု ကျယ်ပြန့်လာတဲ့အတွက်  စားသုံးသူတွေကလည်း တရုတ်ကြက်သွန်ဖြူထက် ရှမ်းကြက်သွန်ဖြူကို ပိုမိုပြီး ကြိုက်နှစ်သက်၊ ဝယ်ယူမှုများ လာတယ်လို့လည်း သိရပါတယ်။ အဲဒါကြောင့် ကြက်သွန်ဖြူဈေးတက်လာပြီး လက် ကျန်ကုန်သလောက်အထိ ရောင်းရတယ်လို့လည်း ကြက်သွန်ဖြူလုပ်ငန်းရှင် တွေထံ မှသိရပါတယ်။ ရှမ်းကြက်သွန်ဖြူအသစ်တွေကတော့  ဈေးကွက်မှာ အဝင်နည်းနေ သေးပါတယ်။ တောင်ကြီးဈေးကွက်သို့    တောင်ကြီးတောင်ဘက်ခြမ်းက  ပစ္စည်းနဲ့ အောင်ပန်းဈေးကွက်ကို ပင်လောင်း၊ တီကျစ်ကထွက်တဲ့ ကြက်သွန်ဖြူတွေ စပြီးဝင် လာတာလို့လည်း သိရပါတယ်။ အစိုဓာတ်ရှိနေသေးတာကြောင့် အရောင်းအဝယ် ကတော့ သိပ်ပြီးမသွက်သေးပါဘူး၊ တောင်ကြီးဈေးကွက်မှာ တစ်ပိဿာ ပေါက် ဈေးက (လတ်ခြား) ၁၃၀၀ ကျပ်၊ (ထူး-၁) ၁၄၀၀ ကျပ်၊(ထူး-၂) ၁၅၀၀ ကျပ်၊(ထူး-၃) ၁၇၀၀ ကျပ်၊ (ထူး-၄) ၁၉၀၀ ကျပ်၊ ဈေးရှိပြီး အောင်ပန်းဈေးကွက်မှာတော့ လတ် ခြား ၁၃၀၀ ကျပ်၊ (ထူး-၁) ၁၅၀၀ ကျပ်၊ (ထူး-၂) ၁၇၀၀ ကျပ်၊ (ထူး-၃) ၁၉၀၀ ကျပ်၊ (ထူး-၄) က ၂၀၀၀ ကျပ်ဈေးပေါက်နေပါတယ်။          

      ဧဧခိုင် -တောင်ကြီး

 

Local Trade News

Pages