မုံရွာဒိုင်တွင် ပဲပုပ်နဲ့ ပဲစင်းငုံတို့ အဝင်လှိုင်

Mon, 01/19/2015 - 12:33 -- admin_ygn

   စစ်ကိုင်းတိုင်းဒေသကြီးရဲ့ ၂၀၁၄-၁၅ ခုနှစ် ဆောင်းသီးနှံ ပဲပုပ်လျာထားစိုက်ဧက ၃ သောင်း ၂ ထောင် ကျော်မှာ ဧက ၃ သောင်း ၉ ထောင်ကျော်စိုက်ပျိုးခဲ့လို့ ၁၂၀ ရာခိုင်နှုန်း စိုက်ပျိုးနိုင်ခဲ့ပါတယ်။ ကလေးခရိုင်မှ ပဲပုပ်စတင်ထွက်ပေါ်နေပြီး ရက်ခြား အိတ် ၄၀၀ မှ ၈၀၀ ခန့် မုံရွာကုန်စည်ဒိုင်သို့ဝင်ရောက်လာပါတယ်။ မုံရွာမြို့မှာ ပဲပုပ်ကိုဆီကြိတ်ပြီး ပဲပုပ်ဖတ်ကို တိရစ္ဆာန်အစာအဖြစ်အသုံးပြုကြလို့ မုံရွာကုန်စည်ဒိုင်သို့ဝင်ရောက်သမျှ အရောင်းအဝယ်ဖြစ်ကြပါတယ်။ ဇန်နဝါရီ ၁၃ ရက်နေ့ ပဲပုပ်တစ်တင်းပေါက်ဈေးမှာ မုံရွာ ကုန်စည်ဒိုင်မှာ ၁၃၂၀၀ ကျပ်၊ ကလေးကုန်စည်ဒိုင်မှာ  ၁၁၀၀၀ ကျပ်ဈေးပေါက် ပါတယ်။
   Export ဝယ်လက်ရှိလို မုံရွာကုန်စည်ဒိုင်မှာ အရောင်းအဝယ် အကောင်းဆုံးသီးနှံမှာ ပဲစင်းငုံနီဖြစ်ပါတယ်။ မုံရွာ ခရိုင်၊ ယင်းမာပင်ခရိုင်၊ ရွှေဘိုခရိုင်များရှိမြို့နယ်များမှ မုံရွာ ကုန်စည်ဒိုင်သို့ ပဲစင်းငုံနီများအဝင်လှိုင်လျက်ရှိပြီး၊ တစ်ရက် အရောင်းအဝယ်ဖြစ်မှုမှာ ပျမ်းမျှတင်း ၅၀၀၀ ကျော်ဖြစ်ပါတယ်။ အိန္ဒိယမွန်ဘိုင်းဈေးကျလို့ ယခုတစ်ပတ် မုံရွာ ကုန်စည်ဒိုင်မှာ သီးနှံများအားလုံး ဈေးအနည်းငယ်ကျကြောင်း ကုန်စည်ဒိုင်သတင်းရပ်ကွက်က သိရပါတယ်။ ပဲစင်းငုံနီတစ်တင်းပေါက်ဈေး ယခင်တစ်ပတ်က ၂၅၇၀၀ ကျပ်မှ ယခုပတ်မှာ ၂၄၉၀၀ ကျပ်သို့ ဈေးအေးခဲ့ပါတယ်။

သန်းသန်းတင်-မုံရွာ