ပေါက်မြို့နယ်၌ မိုးနှမ်းသီးနှံများ ဈေးကောင်းရ၍ တောင်သူများ အကျိုးအမြတ်ရရှိ

Tue, 09/03/2024 - 10:44 -- mocadmin

   မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၌ ဆီထွက်သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိပြီး နှမ်းသီးနှံများကို (မိုး) နှမ်းနှင့် (ဆောင်း) နှမ်းဟူ၍ နှစ်စဉ်စိုက်ပျိုးလျက်ရှိရာ ယခုနှစ်တွင် နှမ်း ၃,၀၀၀ ဧက ခန့်စိုက်ပျိုးကြောင်း၊ မျိုးအနေဖြင့် နှမ်းနက် (စမုန်)နှင့် နှမ်းညိုမျိုးများကို အများဆုံး စိုက်ပျိုးကြပြီး (မိုး) နှမ်းကို မေလတွင်စိုက်ပျိုး၍ ဩဂုတ်လတွင် ရိတ်သိမ်းရကြောင်း၊ စိုက်ပျိုးထုတ် လုပ်မှုအတွက် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် ငွေကျပ် ၅ သိန်းခန့်ကုန်ကျပြီး အထွက်နှုန်း အနေဖြင့် တစ်ဧကလျှင် ၅ တင်းမှ ၇ တင်းအထိ ထွက်ရှိကြောင်း၊ ယခုနှစ်တွင် ရာသီ ဥတုအခြေအနေကြောင့် သီးနှံအထွက်နှုန်း လျော့နည်းသော်လည်း ဒေသတွင်း သီးနှံပေါ်ချိန်၌ ဈေးကောင်းရရှိ၍ တစ်ဧကလျှင် ငွေကျပ် ၅ သိန်းခန့် အကျိုးအမြတ်ရရှိကြောင်း သိရသည်။

   ဈေးကွက်အနေဖြင့် ဩဂုတ်လ၊ နောက်ဆုံးပတ်တွင် နှမ်းနက်(စမုန်) တစ်တင်းလျှင် ငွေကျပ် ၂၀၀,၀၀၀-၂၁၅,၀၀၀၊ နှမ်းညိုတစ်တင်းလျှင် ငွေကျပ် ၁၃၈,၀၀၀-၁၄၀,၀၀၀ စသည့်ဒေသပေါက်ဈေး များဖြင့်ပွဲစားများနှင့် ဒေသတွင်းဆီစက်လုပ်ငန်းရှင်များမှ ဝယ်ယူမှုရှိသည့်အပြင် ပခုက္ကူမြို့ရှိ ပွဲရုံ များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ တစ်ချို့တောင်သူများမှာလည်း နှမ်းသီးနှံများကို ဆီကြိတ်ခွဲ၍ ဒေသတွင်း၌ ရောင်းချလျက်ရှိကြောင်း သိရသည်။ ပြည်တွင်းစားသုံးမှုမြင့်မားပြီး ပြည်ပဝယ်လိုအား ကောင်း၍ ဈေးကွက်ခိုင်မာမှုရှိသော နှမ်းသီးနှံများ ယခုနှစ်တွင် ဈေးနှုန်းများမြင့်တက်ကာ အရောင်း အဝယ်ဖြစ်လျက်ရှိသောကြောင့် နှမ်းစိုက်တောင်သူများ အကျိုးအမြတ်ရရှိပြီး အဆင်ပြေလျက်ရှိ ကြောင်း သိရှိရသည်။

DOCA (မကွေး)