ပခုက္ကူဈေးကွက်၌ ပဲယင်း(နီ)နှင့် ပဲယင်း(ဝါ) သီးနှံများ အရောင်းအဝယ်သွက်

Thu, 08/22/2024 - 05:02 -- mocadmin

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူ၊ မြစ်ခြေ၊ ကမ္မ၊ ဆိပ်ဖြူ၊ မြိုင်၊ ပေါက်၊ ရေစကြို မြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ဂန့်ဂေါခရိုင်အတွင်းရှိ ကျေးရွာများ၌ ပဲယင်းသီးနှံကို ဆောင်းရာသီ တွင်စိုက်ပျိုးကြကြောင်း၊ အောက်တိုဘာလကုန်နှင့် နိုဝင်ဘာလတွင် စတင်စိုက်ပျိုး၍ ဖေဖော်ဝါရီလ တွင် သီးနှံရိတ်သိမ်းရကြောင်း၊ မျိုးအနေဖြင့် ပဲယင်း(နီ)နှင့် ပဲယင်း(ဝါ)မျိုးများကို စိုက်ပျိုးကြပြီး ပဲယင်းသီးနှံမှာ စိုက်ပျိုးရလွယ်ကူ၍ အလုပ်သမားကုန်ကျစရိတ်နည်းပါးခြင်းကြောင့် တစ်ဧကလျှင် ကုန်ကျစရိတ်ငွေကျပ် ၃၅၀,၀၀၀ ခန့်ကုန်ကျကြောင်း၊ ပဲယင်းသီးနှံ အထွက်နှုန်းအနေဖြင့် တစ်ဧက လျှင် ၂၀-၂၅ တင်းခန့်ထွက်ရှိပြီး သီးနှံပေါ်ချိန်ဈေးနှုန်းအနေဖြင့်ပဲယင်း(ဝါ) တစ်တင်းလျှင် ငွေကျပ် ၅၀,၀၀၀-၅၂,၀၀၀၊ ပဲယင်း(နီ)တစ်တင်းလျှင် ငွေကျပ် ၆၀,၀၀၀-၆၃,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ ရာ တစ်ဧကအကျိုးအမြတ်အနေဖြင့် ငွေကျပ် ၈ သိန်းခွဲခန့် ရရှိသည်။

ပခုက္ကူဈေးကွက်၌ ပဲယင်းသီးနှံများ မတ်လမှ စတင်ပြီးအရောင်းအဝယ်ဖြစ်လျက်ရှိရာ ဩဂုတ်လ၊ ဒုတိယပတ်တွင် ပဲယင်း(နီ) တစ်တင်းလျှင် ငွေကျပ် ၇၆,၀၀၀၊ ပဲယင်း(ဝါ)တစ်တင်းလျှင် ငွေကျပ် ၆၀,၀၀၀ ဖြင့် တစ်ရက်လျှင် ပိဿာ ၃၀ ဝင်အိတ်ရေ ၁၀၀ မှ ၃၀၀ အထိ အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း၊ ဈေးကွက်အနေဖြင့် ပဲယင်းသီးနှံများကို ပြည်တွင်းတိရစ္ဆာန်အစာအဖြစ် မွေးမြူရေး လုပ်ငန်းရှင်များမှ ဝယ်ယူမှုအများအပြားရှိသည့်အပြင် မန္တလေးမြို့သို့လည်း တင်ပို့ရောင်းချပြီး ထိုမှ တစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိကြောင်း၊ ယခင်ကတိရစ္ဆာန်အစားအစာအဖြစ် မြေပဲဖတ်ကို သုံးစွဲခဲ့ပြီး မြေပဲဖတ်ဈေးနှုန်း မြင့်တက်လာခြင်းကြောင့် မြေပဲဖတ်အစားထိုး ပဲယင်းသီးနှံများ ဝယ်ယူ သုံးစွဲမှုများပြားကာ ဈေးကွက်တွင် အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရှိရသည်။

DOCA (မကွေး)

Local Trade News

Pages