ကျောက်ဆည်ခရိုင်၌ ဆောင်းမြေပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

Tue, 01/23/2024 - 05:33 -- mocadmin

   မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသဖြစ်သောကြောင့် လယ်ယာထွက်ကုန်သီးနှံမျိုးစုံ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိပြီး အဆိုပါသီးနှံများအနက် မြေပဲသီးနှံကို လည်း တောင်သူများ တိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ဆောင်းမြေပဲ စိုက်ပျိုးရန် လျာထားဧက ၁၀၇၈ ဧကရှိပြီး ကျောက်ဆည်မြို့နယ်တွင် ၂၉၇ ဧက၊ စဉ့်ကိုင်မြို့နယ် တွင် ၅၆ ဧက၊ မြစ်သားမြို့နယ်တွင် ၈၀၃ ဧကတို့ဖြင့် စုစုပေါင်း ဆောင်းမြေပဲစိုက်ဧက ၁၁၅၆ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။

   စိုက်ပျိုးမှုအနေဖြင့် ဆောင်းမြေပဲများကို စက်တင်ဘာလနှင့် အောက်တိုဘာလများတွင် စိုက်ပျိုးကြပြီး ကုန်ကျစရိတ်အနေဖြင့် တစ်ဧကလျှင် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း ၅၃၀,၀၀၀ ကျပ်ခန့် ကုန်ကြကြောင်း သိရသည်။ ယခင်နှစ် မြေပဲဈေးနှုန်းများအနေဖြင့် မိုးမြေပဲတောင့် တစ်တင်းလျှင် ၃၆,၀၀၀ ကျပ်၊ မြေပဲဆန် တစ်ပိဿာလျှင် ၅,၆၀၀ ကျပ်၊ မြေပဲဆီတစ်ပိဿာလျှင် ၁၃,၅၀၀ ကျပ် ရရှိခဲ့ပြီး ယခုအချိန်တွင် ဆောင်းမြေပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိရာ မြေပဲပေါ်ချိန်တွင် ဈေးနှုန်းကောင်းမွန်ပါက အကျိုးအမြတ်များ ပိုမိုရရှိနိုင်ကြောင်း မြေပဲစိုက်တောင်သူတစ်ဦးထံမှ သိရသည်။

DOCA (မန္တလေး)