ကျောက်ဆည်ခရိုင်တွင် မိုးချည်မျှင်ရှည်ဝါများ စတင်ထွက်ပေါ်၍ အရောင်းအဝယ်ဖြစ်လျက်ရှိ

Mon, 08/12/2024 - 07:25 -- mocadmin

   မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် သီးနှံမျိုးစုံ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိရာ ဝါသီးနှံ ကိုလည်း စိုက်ပျိုးလျက်ရှိပြီး ကျောက်ဆည်မြို့နယ်တွင် ၅၁၈၂ ဧက၊ စဉ့်ကိုင်မြို့နယ်တွင် ၁၆၉၁ ဧက၊ မြစ်သားမြို့နယ်တွင် ၆၅၂၄ ဧကဖြင့် မိုးချည်မျှင်ရှည်ဝါ စိုက်ဧက စုစုပေါင်း ၁၃၃၉၇ ဧက စိုက်ပျိုးနိုင်ခဲ့ ကြောင်း ခရိုင်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။

   မိုးချည်မျှင်ရှည်ဝါများကို ဧပြီနှင့် မေလများတွင် စိုက်ပျိုးပြီး သြဂုတ်လဆန်းပိုင်းတွင် စတင် ထွက်ရှိကြောင်း၊ စိုက်ပျိုးပြီး ၂၅-၃၀ ရက်အကြာတွင် ပန်းစပွင့်ပြီး ရက်ပေါင်း ၅၀-၆၀ အကြာတွင် ဝါများ ရင့်မှည့်ပြီး စတင်ကောက်ယူ ခူးဆွတ်ရကြောင်း၊ ဝါအရည်အသွေး ကောင်းမွန်ရန်အတွက် ရင့်မှည့်ပြီး သီးနှံခြောက်မှသာ ခူးဆွတ်ရန် လိုအပ်ကြောင်း သိရသည်။

   မိုးချည်မျှင်ရှည်ဝါ တစ်ဧကကို ပိဿာ ၄၀၀-၅၀၀ ခန့် ထွက်ရှိကြောင်း၊ စိုက်ပျိုးမှုအတွက် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်း ငွေကျပ် ၃၀၀,၀၀၀ ကျပ်ခန့် ကုန်ကျကြောင်း၊ ယခင်နှစ် မိုးချည်မျှင်ရှည်ဝါ ထွက်ရှိချိန်တွင် ဝါတစ်ပိဿာလျှင် ၃,၃၀၀ ကျပ်၊ ဂွမ်း တစ်ပိဿာလျှင် ၇,၃၀၀ ကျပ်၊ ဝါစေ့ တစ်ပိဿာလျှင် ၁,၄၀၀ ကျပ် ရရှိခဲ့ပြီး ယခုမိုးချည်မျှင်ရှည်ဝါ (အသစ်) စျေးနှုန်းအနေဖြင့် ဝါ တစ်ပိဿာလျှင် ၃,၃၀၀ ကျပ်၊ ဂွမ်းတစ်ပိဿာလျှင် ၈,၃၀၀ ကျပ်၊ ဝါစေ့ တစ်ပိဿာလျှင် ၁,၆၀၀ ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိ‌ကြောင်း၊ ဈေးကွက်အနေဖြင့် ဂွမ်းနှင့်ဝါများကို ချည်မျှင်စက်ရုံ နှင့် ရက်ကန်းရုံများမှ လာရောက်ဝယ်ယူလျက်ရှိပြီး တောင်သူများ အနေဖြင့် အကျိုးအမြတ် ရလျက်ရှိ ကြောင်း သိရှိရသည်။  

DOCA (မန္တလေး)

Local Trade News

Pages