ကန်သာဈေးကြီးတွင် စားသုံးသူအကာအကွယ်ပေးရေး အသိပညာပေး ဟောပြောပွဲကျင်းပ

Tue, 01/13/2015 - 11:01 -- admin_ygn

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနမှတာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှု၊ ရုံးချုပ်နေပြည်တော်၏ ညွှန်ကြားချက်များနှင့်အညီ တိုင်းဒေသကြီးအတွင်းရှိ ကျောင်းများ၊ ဈေးများတွင် စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာအသိ ပညာပေးဟောပြောပွဲများကို အပတ်စဉ်ကျင်းပလျက်ရှိရာ ဇန်နဝါရီလ ၁ ရက်နေ့ နံနက်ပိုင်းက မကွေးမြို့ ကန်သာရပ်ကွက် ကန်သာဈေးကြီးတွင် စားသုံးသူအကာ အကွယ်ပေးရေး ဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးပွဲ ကျင်းပခဲ့ပါသည်။
   အဆိုပါ ဟောပြောဆွေးနွေးပွဲသို့ ဈေးသူဈေးသား ၅၃ ဦး၊ ဈေးကော်မတီဝင် ရှစ်ဦး၊ မြို့နယ်စည်ပင် သာယာနှင့် စားသုံးသူရေးရာဌာနမှ တာဝန်ရှိသူများ စုစုပေါင်း ၇၀ ဦး တက်ရောက်ခဲ့ပါသည်။ အဆိုပါ စားသုံး သူအကာအကွယ်ပေးရေးဆိုင်ရာ ဆွေးနွေးဟောပြောပွဲတွင် တိုင်းဒေသကြီး ဦးစီးမှူး ဦးဝမ်းမောင်က စားသုံးသူအကာအကွယ်ပေးရေး ဆိုင်ရာဌာန ဖြစ်ပေါ်လာပုံနှင့်သမိုင်းအကျဉ်း၊ စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာဌာန၏လုပ်ငန်းနှင့်တာဝန်များ၊ စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ ဥပဒေများစသည့် သိမှတ်ဖွယ်ရာများ ဆွေးနွေးပြီးနောက် ဓာတုဆေးဝါး အကူအညီများနှင့် ထုတ်လုပ်ရောင်းချ လျက်ရှိသော ပဲဆီအတု၊ နှမ်းဆီ အတု၊ နို့မှုန့်၊ ပဲမှုန့်၊ ငရုတ်သီးမှုန့်၊ နနွင်းမှုန့် အတုများအကြောင်း၊ အရောင်ဆိုးဆေးများ အသုံးပြုထားသော မျှစ်၊ ငရုတ်သီးမှုန့်၊ ငပိများအကြောင်း၊ ကလေးငယ်များကို ဆွဲဆောင်လျက်ရှိသော မုန့်ပဲသွားရည်စာများနှင့် အချို ရည်များ၏ အန္တရာယ်သိကောင်းစရာများအကြောင်း၊ ဟင်းသီးဟင်းရွက် သစ်သီးဝလံများတွင် အသုံးပြုလျက်ရှိသော ဓာတုဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးတို့၏ အန္တရာယ်ရှိပုံ အကြောင်းနှင့် အဆိုပါအစားအသောက်များရောင်းချခြင်း၊ ဝယ်ယူခြင်း၊စားသောက်ခြင်းတို့ကို ဆောင်ရွက်ရာတွင် အသေအချာစစ်ဆေးပြီးမှ သတိပြုဝယ်ယူစားသုံးရန်တို့ ကို ဆွေးနွေးပြီး မကွေးတိုင်းဒေသကြီး အတွင်းတွင် စားသုံးသူ အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ ဖွဲ့စည်းပြီးဖြစ်ကြောင်း၊ ၎င်းအောက်တွင် စားသုံးသူတိုင်ကြားမှု လက်ခံဆောင် ရွက်ရေးကော်မတီနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ လုပ်ငန်းကော်မတီအဖွဲ့များ ဖွဲ့စည်းလျက်ရှိ ကြောင်းတို့ကို ဆွေးနွေးဟောပြောခဲ့ပါသည်။
   ထို့နောက် တိုင်းဒေသကြီးဦးစီးမှူးနှင့်အဖွဲ့သည် ကန်သာဈေး အတွင်းရှိ ဆိုင်ခန်းပေါင်း ၂၉၄ ခန်း၊ ပျံကျဈေးသည် ၁၅၀၀ ခန့်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဟင်းသီး ဟင်းရွက်ရောင်းချလျက်ရှိသော ပျံကျဈေးတန်း၊ သားငါးဈေးတန်း၊ ငါးခြောက်ဆိုင်များ၊ အချိုရည်နှင့်မုန့်များ ရောင်းချလျက်ရှိသော မုန့်ဆိုင်တန်းတို့တွင် အရောင်ဆိုးဆေးများ၊ ယင် သတ်ဆေးများ၊ ပိုးသတ်ဆေးများကို အစားအသောက် များတွင် အသုံးပြု ကြသည့်အတွက် ရောဂါများဖြစ်ပွားကြပုံ၊ အန္တရာယ်ကြီးမားပုံတို့ကို ရှင်းပြ ပြီး လက်ကမ်းစာစောင်များ၊ ပိုစတာများ ဝေငှခဲ့ကြောင်း သတင်းရရှိပါသည်။

ဝင်းထွန်း (စားသုံးသူ)၊ မကွေး

 

Local Trade News

Pages