လယ်ယာစိုက်ပျိုးရေးအခြေခံဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများအတွက် ချေးငွေအပြင် ထောက်ပံ့ငွေများပါပေးအပ်နိုင်မည့် အစီအစဉ်အသစ်များပါရှိသည့် ကုန်စည်များဆိုင်ရာ ဘုံရန်ပုံငွေအဖွဲ့၏ မဟာဗျူဟာမြောက်အစီအစဉ် (၂၀၂၅-၂၀၃၅)

Thu, 04/18/2024 - 10:25 -- wtodep

ကုလသမဂ္ဂမူဘောင်အတွင်း ဖွဲ့စည်းတည်ထောင်ထားသည့် ငွေကြေးဆိုင်ရာအဖွဲ့အစည်းတစ်ခုဖြစ်သော ကုန်စည်များဆိုင်ရာ ဘုံရန်ပုံငွေအဖွဲ့ (CFC) အမှုဆောင်ဘုတ်အဖွဲ့၏ (၇၇) ကြိမ်မြောက်အစည်းအဝေးနှင့် အကြိုညှိနှိုင်းအစည်းအဝေးတို့ကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့နှင့် ၄ ရက်နေ့တွင် နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့၌ Hybrid ပုံစံဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါအစည်းအဝေးတွင် မဟာဗျူဟာမြောက် အစီအစဉ် (၂၀၂၅-၂၀၃၅) ကို အတည်ပြုခဲ့ကြပါသည်။

အဆိုပါမဟာဗျူဟာကို ကုန်ထုတ်လုပ်စွမ်းအား တိုးတက်လာစေရေး၊ ဆင်းရဲမှုလျှော့ချခြင်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ခြင်းကို ဆောင်ရွက်နိုင်မည့်မူဝါဒချမှတ်ရေး၊ ဈေးကွက်အတွင်း လုပ်ငန်းရှင်များပူးပေါင်း ပါဝင်မှုမှတစ်ဆင့် အကျိုးအမြတ်များရရှိရေး၊ ပတ်ဝန်းကျင်ရေရှည်တည်တံ့ရေးနှင့် ရာသီဥတုဒဏ်ခံနိုင် ရေးစသည့် ရည်မှန်းချက် ၄ ချက်နှင့်အညီရေးဆွဲထားကြောင်း၊ မဟာဗျူဟာ အစီအစဉ်အရ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ လယ်ယာကုန်စည်ကဏ္ဍအတွက် နည်းပညာအသုံးပြုဆောင်ရွက်နိုင်ရေး၊ ဘဏ္ဍာရေးဆိုင်ရာအခွင့် အရေးများပိုမိုရရှိစေရေး၊ ဖွံ့ဖြိုးပြီးနိုင်ငံများနှင့်ဖွံ့ဖြိုးဆဲနိုင်ငံများအကြား ကွာဟချက်မဖြစ်ပေါ်စေရန် ရင်းနှီးမြှုပ်နှံမှုများပေးအပ်နိုင်ရေး လျာထားကြောင်း၊ အာဖရိကအလယ်ပိုင်းသစ်တောနှင့် စပ်လျဉ်း၍ ကနဦးဆောင်ရွက်မှု (Central African Forest Initiative - CAFI) အစီအစဉ်မှတစ်ဆင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး၍ ကုန်စည်များဆိုင်ရာဘုံရန်ပုံငွေကဖွံ့ဖြိုးဆဲနိုင်ငံများ၊ အထူးသဖြင့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများထံ ထောက်ပံ့ငွေ (Grant) အဖြစ် ပေးအပ်နိုင်ရေး လျာထားဆောင်ရွက်လျက်ရှိကြောင်းသိရှိ ရပါသည်။ CFC က အဖွဲ့ဝင်နိုင်ငံများထံ ရန်ပုံငွေအထောက်အပံ့ပေးရာတွင် ချေးငွေ (Loans)၊ အစုရှယ်ယာ (Equity Stake)၊ အငယ်စားနှင့်အလတ်စားလုပ်ငန်းများသို့ ထောက်ပံ့ပေးသောချေးငွေ (Fast- track Loan)တို့ကို ပေးအပ်သွားမည်ဖြစ်ပါသည်။ ချေးငွေအနေဖြင့် ကုန်သွယ်မှုဘဏ္ဍာ ငွေထောက်ပံ့ခြင်း (Trade Finance) အတွက် အများဆုံး (၁၂) လ အထိ၊ လုပ်ငန်းအရင်းအနှီး (Working Capital)အတွက် အများဆုံး (၁၈) လအထိ၊ ငွေကြေးချေးငွေ (Term Loan) အတွက် အများဆုံး ၅ နှစ် သို့မဟုတ် ၂ နှစ် အထိဖြစ်ပြီး ၎င်းတို့အတွက် အမေရိကန်ဒေါ်လာ ၃၀၀,၀၀၀ မှ ၂,၀၀၀,၀၀၀ အထိဖြစ်ပါသည်။ အစု ရှယ်ယာအတွက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေနှင့် ဖွံ့ဖြိုးမှုစာချုပ်ထားရှိနိုင်ပြီး အမေရိကန်ဒေါ်လာ ၃၀၀,၀၀၀ မှ ၂,၀၀၀,၀၀၀ အထိဖြစ်ပြီး အငယ်စားနှင့် အလတ်စားလုပ်ငန်းများသို့ ထောက်ပံ့ပေးသောချေးငွေအတွက် အမေရိကန်ဒေါ်လာ ၅၀,၀၀၀ မှ ၃၀၀,၀၀၀ အထိဖြစ်ပါသည်။

CFC ၏ ချေးငွေစီမံကိန်းများသည် ကမ္ဘာ့ကုလသမဂ္ဂ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်များအနက် ပန်းတိုင် (၁) ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး၊ ပန်းတိုင် (၂) ငတ်မွတ်ခေါင်းပါးမှုပပျောက်ရေး၊ ပန်းတိုင် (၅) ကျား / မ တန်းတူညီမျှမှုရှိရေး၊ ပန်းတိုင် (၈) သင့်တင့်လျောက်ပတ်သော အလုပ်အကိုင်နှင့်စီးပွားရေးဖွံ့ဖြိုးမှုရရှိရေးစသည့် ရည်မှန်းချက်များကို ပြည့်ဝစေရန် ကူညီပေးနိုင်ခဲ့သည်ကို တွေ့ရှိရပါသည်။ သို့သော် ပန်းတိုင်(၁၀)မညီမျှမှုများ လျှော့ချရေးနှင့် ပန်းတိုင် (၁၃) ရာသီဥတုထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ရေးတို့တွင်မူ အကျိုးသက်ရောက်မှုရှိစေသော ဆောင်ရွက်ချက်များမရရှိသေးကြောင်း CFC အတွင်းရေးမှူးရုံးက ဆိုထားပါသည်။

ထို့ကြောင့် နောင်ပေးအပ်မည့် စီမံကိန်းများတွင် ပတ်ဝန်းကျင်နှင့်ရာသီဥတုထိန်းသိမ်းရေးဆိုင်ရာလုပ်ငန်းများကို ထည့်သွင်းနိုင်ရေး ပြင်ဆင်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့တွင် ပြုလုပ်သော အစည်းအဝေးတွင်လည်း အပင်နှင့်တိရစ္ဆာန်မျိုး ကွဲခြားနားကွဲပြားမှုနှင့် ပတ်ဝန်းကျင်အကျိုး ပြုကိစ္စရပ်များအပေါ် ရင်းနှီးမြှုပ်နှံမှုများရရှိစေရေး ရည်ရွယ်ချက်ဖြင့် The Union for Ethical Biotrade (UEBT) နှင့် လက်မှတ်ရေးထိုးမည့် နားလည်မှုစာချွန်လွှာနှင့် ပတ်ဝန်းကျင်ဆိုင်ရာ စီမံဆောင်ရွက်မှုဥပဒေ၊ ဂေဟစနစ်တို့နှင့်ပတ်သက်သော မူဝါဒများချမှတ်နိုင်ရေးရည်ရွယ်ချက်ဖြင့် The United Nations Environment Programme (UNEP) လက်မှတ်ရေးထိုးမည့် နားလည်မှုစာချွန်လွှာများကို ယေဘုယျသဘောတူညီနိုင်ခဲ့ပါသည်။

မှတ်ချက်။ နှစ်စဉ် CFCမှစီမံကိန်းအဆိုပြုလွှာများခေါ်ယူသည့်အချိန်တွင် တာဝန်ခံဌာနဖြစ်သည့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ဆက်စပ်ဌာန/အဖွဲ့အစည်းများနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများဖြစ်သည့် ပြည်ထောင်စုသမ္မမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်တို့ထံသို့ ပုံမှန်အကြောင်းကြားပေးလေ့ရှိပါသည်။ CFC ကဖိတ်ကြားလာသည့် အစည်းအဝေး များတွင်လည်းလူကိုယ်တိုင်သော်လည်းကောင်း၊အွန်လိုင်းမှသော်လည်းကောင်းပါဝင်တက်ရောက်လျက်ရှိပါသည်။                                             

WTO ဌာနခွဲ

ကုန်သွယ်ရေးဦးစီးဌာန