ကုလားပဲလုံးဖြူနှင့် ပဲနီလေးတင်သွင်းမှုအပေါ် သွင်းကုန်ခွန် ၃၀ ရာခိုင်နှုန်း အိန္ဒိယအစိုးရတိုးမြှင့်သတ်မှတ်

Wed, 01/10/2018 - 09:15 -- admin_ygn

     အိန္ဒိယနိုင်ငံတွင် လာမည့်သီးနှံ ပေါ်ချိန်၌ ကုလားပဲလုံး ဖြူ (Chana)  နှင့် ပဲနီကလေး (Masoor) အထွက်နှုန်း မြင့် မားမည်ဟု ခန့်မှန်းထားသည့်အတွက် တောင်သူလယ်သမား များ၏ အကျိုးစီးပွားကိုကာကွယ်ရန် အဆိုပါ ပဲများ တင်သွင်း မှုအပေါ် သွင်းကုန်ခွန် ၃၀ ရာခိုင်နှုန်းစည်းကြပ် ရန် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်တွင် အိန္ဒိယအစိုးရက ထုတ်ပြန် ကြေညာလိုက်သည်။
ဈေးပေါသည့် သွင်းကုန်များအား လျှော့ချခြင်းမပြုဘဲ တင်သွင်းခွင့်ပြုမည်ဆိုပါက ပြည်တွင်းမှ တောင်သူလယ် သမားများ၏ အကျိုးစီးပွားကို ဆိုးရွားစွာ ထိခိုက်နိုင်ဖွယ် ရှိသောကြောင့် အစိုးရအနေဖြင့် တောင်သူ များအကျိုးကို ကာကွယ်ရန်အလို့ငှာ ပဲတင်သွင်းမှုအပေါ် သွင်းကုန်ခွန်များ စည်းကြပ်ကောက်ခံရန် ဆုံးဖြတ်ရခြင်းဖြစ်သည်ဟု အစိုးရ၏ကြေညာချက်၌ ဖော်ပြထားပါသည်။
လောလောဆယ်တွင် အိန္ဒိယအစိုးရသည် ပဲစင်းငုံ(Tur)  အပေါ် သွင်းကုန်ခွန် ၁၀ ရာခိုင်နှုန်း၊ ပဲလုံးဝါများ(yellow peas)အပေါ် သွင်းကုန်ခွန် ၅၀ရာခိုင်နှုန်းကောက်ခံနေပြီး အခြားပဲ အမျိုးအစားများအပေါ် သွင်းကုန်ခွန်ကောက် ခံမှု မရှိကြောင်း၊ ပဲထုတ်လုပ်မှုမှာ  စံချိန်တင်ခဲ့သည့်အတွက် ပြည်တွင်းတွင် လုံလောက်မှုရှိနေသော်လည်း နိုင်ငံတကာ ဈေးကွက်၌ ဈေးသက်သာသည့်အတွက် ပဲတင်သွင်းမှုများမှာ ဆက်လက်ရှိနေသေးကြောင်းနှင့် အဆိုပါ သွင်းကုန်များကြောင့် အိန္ဒိယပြည်တွင်းပဲဈေးနှုန်းများအပေါ် ဖိအားဖြစ်ပေါ်စေပြီး  ပြည်တွင်းရှိ  တောင်သူလယ်သမားများ၏ အကျိုးစီးပွားကို ဆိုးရွားစွာ သက်ရောက်စေလျက်ရှိသည်ဟု သုံးသပ်ဖော်ပြ ထားကြောင်း သိရှိရ ပါသည်။
ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူး၊
မြန်မာသံရုံး၊ နယူးဒေလီမြို့