စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့ရှိ ၂၀၁၇ ခုနှစ် တောင်နှင့်အရှေ့တောင်အာရှ ကုန်စည်ပြပွဲနှင့် ရင်းနှီးမြှုပ်နှံမှုပွဲတော်ဖွင့်ပွဲသို့ တက်ရောက်

Mon, 06/19/2017 - 05:13 -- admin_ygn

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကူမင်း မြို့အခြေစိုက် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကောင်စစ် ဝန်ချုပ် ဦးစိုးပိုင် လိုက်ပါလျက် ဇွန် ၁၂ ရက် နံနက်ပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့၊ Dianchi International Exhibition and Convention Center ၌ ကျင်းပသည့် ၂၀၁၇ ခုနှစ် တောင်နှင့် အရှေ့တောင် အာရှ ကုန်စည်ပြပွဲနှင့် ရင်း နှီးမြှုပ်နှံမှုပွဲတော် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် ခဲ့သည်။
       ပထမဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အခြားသော တောင်နှင့်အရှေ့တောင်အာရှနိုင်ငံများမှ ကိုယ်စားလှယ်များနှင့်အတူ Dianchi International Exhibition and Convention Center အတွင်း ခင်းကျင်းြ ပသလျက်ရှိသော ကုန်စည်ပြခန်းများကို လျှပ်စစ်မော်တော်ယာဉ်များဖြင့် လိုက်လံကြည့်ရှုလေ့လာကြသည်။၎င်းနောက် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေး အဖွဲ့၏ဦးဆောင်မှုဖြင့် ခင်းကျင်းပြသလျက်ရှိသော မြန်မာပြခန်းများသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။ ထို့နောက် ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ရာ ယူနန်ပြည်နယ်အုပ်ချုပ်ရေး မှူး Mr. Ruan Chengfa က သဘာပတိအဖြစ် ဆောင်ရွက်ပြီး ယူနန်ပြည်နယ်၊ ကွန်မြူနစ်ပါတီအတွင်းရေးမှူး Mr. Chen Hao က အဖွင့်နှုတ်ခွန်းဆက်စကား ပြောကြားကာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ စီးပွားရေးဝန်ကြီးဌာ န၊ အာဆီယံ- တရုတ်စင်တာ၊ တောင်နှင့် အရှေ့တောင်အာရှနိုင်ငံများမှ  ကိုယ်စားလှယ်များက နှုတ်ခွန်းဆက်စကား ပြောကြားကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး သည် ၂၀၁၇ခုနှစ် တောင်နှင့် အရှေ့တောင်အာရှ ကုန် စည်ပြပွဲနှင့် ရင်းနှီးမြှုပ်နှံမှုပွဲတော်ကို တရုတ်၊ တောင် အာရှနှင့်အာဆီယံနိုင်ငံများမှ  ဧည့်သည်တော်များ နှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
         ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ဝင်များသည် Dianchi International Exhibition and Convention Center တွင် ကျင်းပပြုလုပ်သည့် လင်ချန်း- မဲေ ခါင် ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်များ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ ထိုင်းနိုင်ငံတို့မှကိုယ်စားလှယ်များနှင့်အတူ လင်ချန်း-မဲခေါင် အတွင်း ရေးမှူးရုံး (ယူနန်ဌာနခွဲ)၊ လင် ချန်း-မဲခေါင်ပူးပေါင်း ဆောင်ရွက်ရေးသိပ္ပံ၊ လင်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးစင်တာ ဆိုင်းဘုတ်များကို ဖွင့်လှစ်ပေးခဲ့ကြသည်။ အဆိုပါ ၂၀၁၇ခုနှစ် တောင်နှင့် အရှေ့တောင် အာရှကုန်စည်ပြပွဲနှင့် ရင်းနှီးမြှုပ်နှံမှုပွဲတော်ကို ဇွန်လ ၁၂ ရက်မှ  ၁၈ ရက်အထိ ခုနစ်ရက်ကြာ ကျင်းပမည် ဖြစ်ပြီး တရုတ်၊ တောင်အာရှနှင့်အရှေ့တောင်အာရှ နိုင်ငံများ  အပါအဝင် နိုင်ငံပေါင်း ၈၆ နိုင်ငံမှ ကုမ္ပဏီ များက  ပြခန်းပေါင်း ၈၀၀၀ ကျော်ဖြင့် လာရောက်ပြသ လျက် ရှိကြောင်း သတင်းရရှိသည်။
         ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဒေသစံတော်ချိန် ညနေ ၁ရး၃၀ နာရီတွင် တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့ရှိ Haigeng Garden ဧည့်ခန်းမဆောင်တွင် ယူနန်ပြည် နယ်အုပ်ချုပ်ရေးမှူး Mr. Ruan Chengfa နှင့်တွေ့ဆုံ ဆွေးနွေးခဲ့ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ နိုင်ငံတော်သမ္မတတို့ အကြားသဘောတူထားပြီးဖြစ်သည့် တရုတ်နိုင်ငံ၏ One Belt One Road Initative အား ပူးပေါင်းအကောင်အထည်ဖော်ရေး၊ နိုင်ငံတော်အတိုင်ပင်ခံ၏ တရုတ်ပြည်ခရီးစဉ်တွင် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပြီးဖြ စ်သည့် နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော်စီးပွားရေးဇုန် အကောင်အထည်ဖော်နိုင်ရေးအတွက် နှစ်နိုင်ငံလုပ်ငန်းကော်မတီများ ဖွဲ့စည်းနိုင်ရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေး၊ အခြေခံအဆောက်အဦး ဖွံ့ဖြိုးရေးကဏ္ဍ၊ စွမ်းအင်နှင့်လျှပ်စစ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးများကို ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။အဆိုပါတွေ့ဆုံပွဲသို့ ယူနန်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး Mr. Chen Shun နှင့် ပြည်နယ်အဆင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

 

MOC (IR)