ကမ္ဘာ့ရွှေဈေးရော ပြည်တွင်းရွှေဈေးပါ ဆက်လက်မြင့်တက်

Tue, 08/29/2017 - 07:51 -- admin_ygn

         ရက်သတ္တနှစ်ပတ်ဆက်တိုက် မြင့်တက်လျက်ရှိသည့် ပြည်တွင်းရွှေဈေးများ သည် ယခုတစ်ပတ်တွင်လည်း ဆက်လက်မြင့်တက်လာခဲ့ရာ ကျပ် ၉၂၃၀၀၀ သို့ ရောက်ရှိလာပြီဖြစ်ကြောင်း ပြည်တွင်းရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ကမ္ဘာ့ရွှေဈေးသည်လည်း ဆက်လက်မြင့်တက်လျက်ရှိရာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၃၀၀ နီးပါးသို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ကမ္ဘာ့ပထဝီနိုင်ငံရေးတင်းမာမှုများ ဆက်လက်ဖြစ်ပေါ်နေပြီး ကမ္ဘာ့ေ ရွှဈေး သည်လည်း ဆက်လက်မြင့်တက်လျက်ရှိကြောင်း၊ ရွှေဈေးမြင့်တက်နေမှုကြောင့် ကမ္ဘာ့ရွှေဈေးကွက်တွင်လည်း အရောင်းအဝယ်များ အေးလျက်ရှိကြောင်း၊ အလားတူ ပြည်တွင်းရွှေဈေးကွက်တွင်လည်း အရောင်းအဝယ် များအေးနေသဖြင့် မကြာခင် အချိန်တွင် ပြန်လည်ကျဆင်းလာနိုင်ကြောင်း ရွှေကုန်သည်တစ်ဦးက သုံးသပ်ပြခဲ့သည်။
        "ကမ္ဘာ့နိုင်ငံရေးက အခုထိတင်းမာနေတုန်း။ အဲဒီလို တင်းမာနေတဲ့အတွက် ကမ္ဘာ့ရွှေဈေးတွေ ဆက်တိုက်မြင့်တက်နေတာပါ။ ကမ္ဘာ့ရွှေဈေးတွေ မြင့်တက်နေတာကြောင့် ပြည်တွင်းရွှေဈေးတွေလည်း မြင့်တက်နေပါတယ်။ ဈေးတွေစံချိန်တင် မြင့်တက်နေတာကြောင့် ကမ္ဘာမှာရော ပြည်တွင်းမှာပါ အရောင်းအဝယ်တွေ အေးနေပါတယ်"ဟု ရွှေကုန်သည် ဦးစံမြင့်က ဆိုသည်။ပြည်တွင်းရွှေဈေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် သြဂုတ် ၂၁ ရက် က ကျပ် ၉၁၆၀၀၀ ရှိခဲ့ပြီး သြဂုတ် ၂၃ ရက်တွင် ကျပ်၉၁၈၀၀၀သို့မြင့်တက် ခဲ့သည်။ သြဂုတ် ၂၅ ရက်တွင် ကျပ် ၉၂၂၀၀၀ သို့မြင့်တက်ခဲ့ပြီး သြဂုတ် ၂၆ ရက်တွင် ကျပ် ၉၂၃၀၀၀ သို့ ဆက်လက်မြင့်တက်ခဲ့သည်။ ကမ္ဘာ့ရွှေဈေး ကွက်တွင် တစ်အောင်စလျှင် သြဂုတ် ၂၁ ရက်က ၁၂၈၄ ဒေါ်လာရှိခဲ့ပြီး သြဂုတ် ၂၄ ရက်တွင် ၁၂၈၉ ဒေါ်လာသို့လည်းကောင်း၊ သြဂုတ် ၂၆ ရက်တွင် ၁၂၉၁ ဒေါ်လာသို့လည်း ကောင်း ဆက်လက်မြင့်တက်ခဲ့သည်။

 

မယ်သီတာ

Local Trade News

Pages