ကုန်သွယ်မှုနှင့် အကောက်ခွန်ဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်မည့် နားလည်မှုစာချွန်လွှာကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့နှင့် ကမ္ဘာ့အကောက်ခွန်အဖွဲ့တို့၏ အကြီးအကဲများက လက်မှတ်ရေးထိုးခဲ့

 

ဒါးဗို့စ်၊ ကမ္ဘာ့စီးပွားရေးဖိုရမ် နှစ်ပတ်လည်အစည်းအဝေး၏ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့၌ ကျင်းပခဲ့သော ပူးတွဲအစီအစဉ်တွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်နှင့် ကမ္ဘာ့အကောက်ခွန်အဖွဲ့၊ အထွေထွေအတွင်းရေးမှူးတို့က ကုန်သွယ်မှုနှင့် အကောက်ခွန်ဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ပါသည်။ 

သဘောတူညီချက်အရ အဖွဲ့အစည်းနှစ်ခုသည် အကောက်ခွန်ဆိုင်ရာကိစ္စရပ်များနှင့် ပြင်ပကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို ဖော်ထုတ်ရန်၊ နှစ်ဖွဲ့စလုံးနှင့် သက်ဆိုင်သည့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး သဘောတူညီချက် အကောင်အထည်ဖော်ရာတွင် အဖွဲ့ဝင်နိုင်ငံများအား ပေးအပ်သည့် နည်းပညာအထောက်အပံ့နှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်းဆိုင်ရာ ပံ့ပိုးမှုများတွင် ပူးပေါင်းဆောင်ရွက်ရန်၊ အဖွဲ့ဝင်နိုင်ငံများမှ ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရေး သဘောတူညီချက် အကောင်အထည်ဖော်ရာတွင် အားပေးရန်တို့ကို သဘောတူညီခဲ့ကြပါသည်။

ထို့ပြင် နှစ်ဖွဲ့လုံးအတွက် အကျိုးရှိသောနယ်ပယ်များ၏ သတင်းအချက်အလက်များကို မျှဝေခြင်းနှင့် HS Code ရိုက်ထည့်၍ ကုန်စည်ရှာဖွေနိုင်မည့်နည်းလမ်း (Harmonized System tracker) နှင့် အကောက်ခွန်အမျိုးအစား ခွဲခြားသတ်မှတ်ခြင်းဆိုင်ရာ စိန်ခေါ်မှုများ၊ အချက်အလက်ခွဲခြမ်းစိတ်ဖြာမှုများတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။ ကမ္ဘာ့အကောက်ခွန်အဖွဲ့ HS ကော်မတီ၏ HS ပြင်ဆင်ချက်များကို ချက်ချင်းမျှဝေခြင်းဖြင့် HS Code ပြောင်းလဲမှုများတွင်လည်း ပူးပေါင်းဆောင်ရွက်သွားမည့်အပြင် မူပိုင်ခွင့်ဆိုင်ရာ ပြဋ္ဌာန်းချက်များအပါအဝင် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး နည်းလမ်းများကိုလည်း ပူးပေါင်းဆောင်ရွက်ခြင်း၊ မျှဝေခြင်းတို့ လုပ်ဆောင်သွားမည် ဖြစ်သည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်က နိုင်ငံတကာကုန်သွယ်မှုတွင် ရှုပ်ထွေးမှုနှင့် ပမာဏများ တိုးလာသည်နှင့်အမျှ ယခုနားလည်မှုစာချွန်လွှာသည် အချိန်ကိုက်ဖြစ်ကြောင်း၊ ကုန်စည်အမျိုးအစားခွဲခြားခြင်း၊ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးနှင့် တရားမဝင်ကုန်သွယ်မှုတားဆီးရေး စသည့် နယ်ပယ်များတွင် အကောက်ခွန်ဆိုင်ရာစည်းမျဉ်းများကို ထိရောက်စွာဆောင်ရွက်နိုင်ရေး အဖွဲ့အစည်း နှစ်ရပ်လုံးက ပူးပေါင်းမျှဝေသွားမည်ဖြစ်ကြောင်း၊ ကုန်သွယ်မှုမှ စီးပွားရေးပူးပေါင်းဆောင်ရွက်ခြင်းနှင့် အာမခံချက်များရရှိနိုင်ရေးအတွက် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သည် ကမ္ဘာ့အကောက်ခွန်အဖွဲ့နှင့် အကောင်းဆုံး ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကမ္ဘာ့အကောက်ခွန်အဖွဲ့၊ အထွေထွေအတွင်းရေးမှူးက ယခုနှစ် ရည်မှန်းချက်ဖြစ်သည့် အကောက်ခွန်ဆိုင်ရာ ကတိကဝတ်များကို ထိရောက်၊ လုံခြုံစွာနှင့် တိုးတက်မှုအတွက် အကောင်အထည်ဖော်ရေး ဤနားလည်မှုစာချွန်လွှာက ပိုမိုနီးကပ်စေကြောင်း၊ အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မူဝါဒ ချမှတ်သူများနှင့် အကောင်အထည်ဖော်သူများ  ပိုမိုထိရောက်သော နည်းလမ်းများကို ဖော်ဆောင်နိုင်ကြောင်း၊ အဖွဲ့ ၂ ခုကြား နောက်ထပ်အဆင့်သို့ တက်လှမ်းရန် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သည် နိုင်ငံတကာကုန်သွယ်မှုစည်းမျဉ်းများကို ကိုင်တွယ်ဖြေရှင်းသည့် တစ်ခုတည်းသော အဖွဲ့အစည်းဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံများက စေ့စပ်ညှိနှိုင်းထားသော သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့ကာ ပြည်တွင်း၌ အတည်ပြုပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပါသည်။ အဖွဲ့၏ ရည်မှန်းချက်မှာ ကုန်စည်စီးဆင်းမှုများ ချောမွေ့၊ မြင်သာ၊ လွတ်လပ်စွာဆောင်ရွက်ပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်နှင့်အညီ လူနေမှုအဆင့်အတန်းမြင့်မားစေရေး ဖြစ်ပါသည်။

ကမ္ဘာ့အကောက်ခွန်အဖွဲ့သည် အကောက်ခွန်ဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်သည့် တစ်ခုတည်းသော နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်ပြီး နိုင်ငံတကာစံချိန်စံညွှန်းများ ချမှတ်ခြင်း၊ ပူးပေါင်းဆောင်ရွက်စေခြင်း၊ တရားဝင်ကုန်သွယ်မှုအတွက် စွမ်းရည်တည်ဆောက်ပေးခြင်း၊ မျှတသော  ဝင်ငွေကောက်ခံခြင်းနှင့် လူမှုအသိုက်အဝန်းအား ကာကွယ်ပေးခြင်း၊ အကောက်ခွန်ဌာနများအား ခေါင်းဆောင်မှု၊ လမ်းညွှန်မှု၊ စီမံအုပ်ချုပ်မှု အထောက်အပံ့များ ပံ့ပိုးလျက်ရှိပါသည်။ ၎င်းသည် ကမ္ဘာတစ်ဝန်းရှိ အကောက်ခွန်ဌာန ၁၈၆ ခုကို  ကိုယ်စားပြုလျက်ရှိပြီး ကမ္ဘာ့ကုန်သွယ်မှု ၉၈ % ခန့်တွင်လည်း ပါဝင် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

ရင်းမြစ် : www.wto.org