ပင်လယ်စာဝယ်လိုအားမြင့်တက်လာမှုကြောင့် အဏ္ဍဝါဇီဝထုတ်လုပ်မှုတိုးမြှင့်တော့မည့် အိန္ဒိယ
အိန္ဒိယ၏ ပင်လယ်စာဝယ်လိုအား မြင့်တက်နေမှုကို ဖြည့်ဆည်းရန်နှင့် လက်ရှိပင်လယ်ငါးဖမ်းလုပ်ငန်းသည် ရာသီဥတုဖောက်ပြန်မှုနှင့် ရင်းမြစ်များ လျော့နည်းလာမှုတို့ကြောင့် အဏ္ဍဝါဇီဝထုတ်လုပ်မှုကို ၂၀၄၇ ခုနှစ်တွင် တန်ချိန် ၂၅ သိန်းအထိ မြှင့်တင်သွားမည်ဖြစ်ကြောင်း၊ လှောင်ကန်များနှင့် မွေးမြူခြင်း၊ ပင်လယ်ရေမှော်စိုက်ပျိုးခြင်းတို့ ဆောင်ရွက်သွားမည်ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရန် နိုင်ငံတော်မှ မူဝါဒများချမှတ်ပေးရန် လိုအပ်ကြောင်း အိန္ဒိယ၊ ဗဟိုအဏ္ဏဝါငါးလုပ်ငန်းသုတေသနဌာန (Central Marine Fisheries Research Institute- CMFRI) မှ ညွှန်ကြားရေးမှူး Grinson George က ပြောကြားခဲ့သည်။
အိန္ဒိယသည် လက်ရှိအချိန်တွင် ပင်လယ်ဖမ်းငါးဖမ်းလုပ်ငန်းမှ နှစ်စဉ် ပျမ်းမျှတန်ချိန် ၃၅ သိန်း ထုတ်လုပ်နေကြောင်း၊ CMFRI သည် အိန္ဒိယအခြေအနေများနှင့် ကိုက်ညီပြီး ကုန်ထုတ်စွမ်းအားနှင့် တံငါသည်များ၏ အသက်မွေးဝမ်းကြောင်း အခွင့်အလမ်းများကို သိသိသာသာ မြှင့်တင်ပေးနိုင်သည့် အဏ္ဍဝါဇီဝနည်းပညာများကို တီထွင်ထားကြောင်း၊ အဏ္ဍဝါဇီဝထုတ်လုပ်ရေးတွင် အဓိက အစိတ်အပိုင်းတစ်ခုဖြစ်သော ပင်လယ်ရေမှော်စိုက်ပျိုးခြင်းတွင် အလားအလာကောင်းများရှိကြောင်း၊ ကမ္ဘာ့ပင်လယ်ရေမှော် ထုတ်လုပ်မှု တန်ချိန် ၃၅.၄၉ သန်း ရှိသော်လည်း အိန္ဒိယ၏ ထုတ်လုပ်မှုမှာ အလွန်နည်းနေသေးကြောင်း၊ ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် ပင်လယ်ရေမှော်ထုတ်လုပ်မှု တန်ချိန် အနည်းဆုံး ၅ သန်းခန့် ရရှိနိုင်ကြောင်း၊ အိန္ဒိယ၏ ကျယ်ပြန့်သော ကမ်းရိုးတန်းနှင့် ကောင်းမွန်သော အဏ္ဏဝါ အခြေအနေများကြောင့် ကမ္ဘာ့အဏ္ဍဝါဇီဝ ထုတ်လုပ်ရေးဗဟို (mariculture hub) အဖြစ် ဆောင်ရွက်နိုင်ကြောင်း၊ ခေတ်မီနည်းပညာများနှင့် အဏ္ဍဝါဇီဝဆိုင်ရာ ခိုင်မာသော မူဝါဒဘောင်တစ်ခုချမှတ်ပါက အိန္ဒိယ၏ ကမ်းရိုးတန်းစီးပွားရေးအခြေအနေများ ပြောင်းလဲသွားမည်ဖြစ်ကြောင်း၊ ရေရှည်တည်တံ့ခိုင်မြဲသော၊ ရင်းနှီးမြှုပ်နှံမှု အကြီးစားများနှင့် အဏ္ဍဝါဇီဝထုတ်လုပ်မှု စနစ်တကျ ဖွံ့ဖြိုးတိုးတက်ရန် နိုင်ငံတော်မှ အဏ္ဍဝါဇီဝမူဝါဒနှင့် အထောက်အကူပြု ဥပဒေမူဘောင်တစ်ရပ် ချမှတ်ပေးရန် လိုအပ်ကြောင်း ညွှန်ကြားရေးမှူး Grinson George က ပြောကြားခဲ့သည်။
ရင်းမြစ်။ The Economic Times
