ပို့ကုန်အချို့အတွက် စာရွက်စာတမ်းများအား တရုတ်ဘာသာဖြင့် WPS Office အသုံးပြုတင်ပြရန် တရုတ်၊ စီးပွား/ကူးသန်းဝန်ကြီးဌာနက ပြင်ဆင်ခဲ့မှုအပေါ် ဝေဖန်မှုများ မြင့်တက်

 

မြေရှားသတ္တုနှင့်ဆက်စပ်နည်းပညာများအား ပို့ကုန်ထိန်းချုပ်နိုင်ရန် တရုတ်၊ စီးပွား/ကူးသန်းဝန်ကြီးဌာနက နောက်ဆက်တွဲတင်ပြရမည့် စာရွက်စာတမ်းများအား တရုတ်ပြည်တွင်းဖြစ် WPS Office အသုံးပြုပြီး တရုတ်ဘာသာစကားဖြင့်သာ တင်ပြရန် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့က ပြောင်းလဲပြင်ဆင်ခဲ့မှုအပေါ် အွန်လိုင်း၌ ဝေဖန်မှုများ မြင့်တက်နေကြောင်း Global Times သတင်းဌာနက ဖော်ပြထားပါသည်။

တရုတ်စီးပွား/ကူးသန်းဝန်ကြီးဌာန၏ အမိန့်ကြေညာစာအမှတ် ၆၁/၂၀၂၅ ၌ ၂ မျိုးသုံး (Dual use) မြေရှားသတ္တုများအတွက် ပို့ကုန်လိုင်စင်လျှောက်ထားလိုသော ပြည်ပကုမ္ပဏီများသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ၂ မျိုးသုံးကုန်စည်များ ပို့ကုန်ထိန်းချုပ်ရေးနည်းဥပဒေ၊ ပုဒ်မ ၁၆ နှင့် အွန်လိုင်းလိုင်စင် လျှောက်ထားခြင်းလိုအပ်ချက်များအရ တင်ပြလျှောက်ထားရမည်ဖြစ်ကြောင်း ဖော်ပြထားရာ အဆိုပါရည်ညွှန်းပုဒ်မ၌ “တရုတ်ဘာသာဖြင့် လျှောက်ထားရန်” ဟု တိကျစွာ ပြဋ္ဌာန်းထားခြင်းမရှိသလို ယခင်အမိန့်ကြေညာချက် အဟောင်းများ၌လည်း “တရုတ်ဘာသာဖြင့် လျှောက်ထားရန်” အချက်မပါဝင်ကြောင်း သုံးသပ်သူများက ဆိုသည်။ 

ဝေဖန်သူအချို့က Microsoft နှင့် Adobe တို့အစား တရုတ်ပြည်တွင်းဖြစ် WPS Office ကို အသုံးပြုခြင်းသည် ကိုယ်ပိုင်နည်းပညာကို အားကိုးမှုနှင့် ဒေသခံဆော့ဖ်ဝဲလ် (software localization ) အဖြစ် ပြောင်းလဲနိုင်ရန် အရေးကြီးခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း၊ လုပ်ငန်းများအနေဖြင့် ပြည်တွင်းဖြစ် အပြည့်အဝ (full localization) ဖြစ်ရန် ပြင်ဆင်ထားရမည်ဖြစ်ကြောင်း ပြောကြားကြပြီး အချို့ကလည်း WPS Office ကို အစိုးရဌာနများတွင် ဦးစွာအသုံးပြုပြီးမှ ပုဂ္ဂလိကလုပ်ငန်းရှင်များအား အသုံးပြုရန် ကြေညာသင့်ကြောင်း၊ တရုတ်ဘာသာဖြင့်သာ လျှောက်လွှာလျှောက် ထားရန် အချက်မှာ ဥပဒေကြောင်းအရ ပိုမို ထိန်းချုပ်မည့်ကိစ္စကို လှလှပပ အသုံးပြုသွားခြင်းဖြစ်ကြောင်း သုံးသပ်ကြပါသည်။

စီးပွား/ကူးသန်းမှ ပြောရေးဆိုခွင့်ရှိသူက မြေရှားသတ္တုမှာ အရပ်သုံး/စစ်ဘက်သုံး ၂ မျိုးဖြစ်၍ ယခုကဲ့သို့ ပို့ကုန်ထိန်းချုပ်ရခြင်းမှာ နိုင်ငံတကာကုန်သွယ်မှုတွင် ပုံမှန်ဖြစ်ကြောင်း၊ တရုတ်အစိုးရအနေဖြင့် ပြည်တွင်းလုံခြုံရေးနှင့် အမျိုးသားအကျိုးစီးပွားကာကွယ်ရေး၊ နိုင်ငံတကာလိုအပ်ချက်ဖြစ်သော ၂ မျိုးသုံးကုန်စည်များ မပြန့်ပွားရေး ထိရောက်စွာအကောင်အထည်ဖော်နေခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ရင်းမြစ်။        The Global Times