ပို့ကုန်သွင်းကုန် လိုင်စင်လျှောက်ထားခြင်းများကို Tradenet 2.0 System တွင် Online ဖြင့် လျှောက်ထားနိုင်သည့်အပြင် ကုန်သွယ်ရေးစခန်းများတွင်လည်း လာရောက်လျှောက်ထားပါက ခွင့်ပြု ပေးလျက်ရှိသည်။ (၇-၃-၂၀၂၃)ရက်နေ့တွင် လာရောက်လျှောက်ထားမှုများမှ သွင်းကုန်လိုင်စင် (၃၀) စောင် (၁.၉၆၈) ယွမ်သန်းတန်ဖိုးရှိသည့် စက်နှင့်စက်ပစ္စည်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ လိမ္မော်သီး၊ ပန်းသီးတို့ကိုခွင့်ပြုထုတ်ပေးခဲ့ပြီး၂၀၂၃ ခုနှစ်၊ မတ်လ (၁)ရက်နေ့မှ (၇)ရက်နေ့ထိ သွင်းကုန် လိုင်စင် (၁၅၁)စောင်ခွင့်ပြုထုတ်ပေးခဲ့ပါသည်။ (၇-၃-၂၀၂၃)ရက်နေ့တွင် အများဆုံး ပို့ကုန်ပစ္စည်းများ မှာ ပဲယင်း၊ မြေထောက်ပဲ၊ ပဲတီစိမ်း၊ ကြက်သွန်နီ၊ သခွားမွှေး၊ ငါးရှဉ့်၊ ဖရဲသီး၊ ဝါဂွမ်း၊ ပဲလွန်းဖြူတို့ ဖြစ်ပြီး အများဆုံးသွင်းကုန်ပစ္စည်းများမှာယာဉ်နှင့်ယာဉ်ယန္တရားများ၊ ပိတ်လိပ်၊ PVC ဝါယာဖြင့် ပြုလုပ်သော သံဇကာ၊ လိမ္မော်သီး၊ ပန်းသီး၊ ကြမ်းခင်းအထပ်သား၊ ဝါယာကြိုး၊ CMP ကုန်ကြမ်းတို့ ဖြစ်သည်။

          မူဆယ် (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ တင်ပို့သည့် ပို့ကုန်ပစ္စည်းများမှ တစ်ဘက်နိုင်ငံသို့ တင်ပို့ ရောင်းချရာတွင် အကောက်ခွန်သက်သာခွင့်အတွက် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား ထုတ်ပေးသော ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် Form E ကို တင်ပို့သူမှ တောင်းခံလာပါကစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ စိစစ်ခွင့်ပြုပေးလျက်ရှိပါသည်။ (၇-၃-၂၀၂၃)ရက်နေ့တွင် Form E ထုတ်ပေးမှု မှာ (၂၅)စောင် ဖြစ်ပြီးကွမ်းသီးခွံ(၁)စောင်၊ ဝါဂွမ်း(၃)စောင်၊ ကဏန်း(၃)စောင်၊ ဂျင်းခြောက်(၁)စောင်၊ မိကျောင်းကွမ်းဖတ်စေ့(၁)စောင်၊ ငါးရှဉ့်(၄)စောင်၊ ဆန်ကွဲ(၁)စောင်၊ နေလဲစေ့ (၇)စောင်၊ ဖရုံသီး(၃) စောင်၊ ကြံ (၁)စောင်တို့အားခွင့်ပြုထုတ်ပေးခဲ့ပြီး ၂၀၂၃ ခုနှစ်၊ မတ်လ(၁)ရက်နေ့မှ (၇)ရက်နေ့အထိ Form E (၂၁၁)စောင်ထုတ်ပေးခဲ့ပါသည်။

          (၇-၃-၂၀၂၃)ရက်နေ့တွင် ပို့ကုန်ယာဉ်စီးရေ (၂၈၁)စီး၊ သွင်းကုန်ယာဉ်စီးရေ (၂၁)စီး၊ စုစုပေါင်း (၃၀၂) စီး ကုန်သွယ်မှုဆောင်ရွက်ခဲ့ပြီး၊ ယခုရက်ပိုင်းတွင် ပဲယင်း၊ မြေထောက်ပဲ၊ ပဲတီစိမ်း၊ ကြက်သွန်နီ၊ သခွားမွှေး၊ ငါးရှဉ့်၊ ဖရဲသီး၊ ဝါဂွမ်း၊ ပဲလွန်းဖြူအစရှိသည့် ပို့ကုန်ပစ္စည်းများတင်ပို့လျက်ရှိပါသည်။ (၁-၃-၂၀၂၃ မှ ၇-၃-၂၀၂၃) ရက်နေ့အထိ ပို့ကုန်ယာဉ်စီးရေ (၁၆၁၁)စီး၊ သွင်းကုန်ယာဉ်စီးရေ (၂၇၃)စီး ကုန်သွယ်မှု ဆောင်ရွက်နိုင်ခဲ့သည်။

          မြန်မာ-တရုတ် နယ်စပ်ဒေသကုန်သွယ်မှုများအတွက် ငွေပေးချေမှုကိုယွမ်ငွေကြေး၊ ဒေါ်လာငွေ ကြေးများဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ ပဲ၊ ပြောင်း၊ နှမ်း၊ မြေပဲဆံတို့ကို ဒေါ်လာငွေကြေးအပြင် ယွမ်ငွေကြေးဖြင့် ပါဆောင်ရွက်ခွင့်ပြုပြီးဆန်၊ ဆန်ကွဲ၊ အခြားလယ်ယာထွက်ကုန်ပစ္စည်းများနှင့် ရေထွက်ပစ္စည်းဖြစ်သည့် ကဏန်း၊ ငါးရှဉ့်တို့ကိုယွမ်ငွေကြေးဖြင့် ခွင့်ပြုဆောင်ရွက်လျက်ရှိသည်။

          မူဆယ်ဒေသမှ အများဆုံးတင်ပို့သည့် ပဲတီစိမ်းဈေးနှုန်းမှာ(၁)တန်လျှင် (၅၀၀၀-၅၇၀၀) ယွမ်၊ ပြောင်းဖူးစေ့ (၁)တန်လျှင် (၂၃၈၀-၂၄၈၀)ယွမ်၊ နှမ်းနက် (၁)တန်လျှင် (၁၁၅၀၀-၁၂၀၀၀) ယွမ်၊ နှမ်းညို (၁) တန်လျှင် (၈၀၀၀-၈၅၀၀)ယွမ် ၊ မြေပဲဆံ (၁)တန်လျှင် (၉၅၀၀-၉၇၀၀ )ယွမ်၊ ဆန် (ဧည့်မထ)၂၅% (၁) တန်လျှင် (၂၂၈၀ )ယွမ်၊ ဆန်ကွဲ (A 1-2) (၁)တန်လျှင် (၂၅၂၀)ယွမ်၊ ရော်ဘာ RSS-3 (၁)တန်လျှင် (၇၀၀၀-၇၅၀၀)ယွမ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ပြုလုပ်နေကြောင်းသိရှိရသည်။

          ပို့ကုန်လုပ်ငန်းဆောင်ရွက်သည့် လုပ်ငန်းရှင်များအနေဖြင့် မိမိတင်ပို့ခဲ့သည့်ပစ္စည်းများ၏ တန်ဖိုး အတိုင်း တစ်ဖက်နိုင်ငံဝယ်ယူသည့်ကုန်ဝယ်သူမှပေးချေသည့် ကုန်ဖိုးငွေကို မြန်မာနိုင်ငံတော်ဗဟိုဘဏ် ၏ ညွှန်ကြားချက်အတိုင်းဘဏ်စနစ်ဖြင့် ပို့ကုန်ရငွေများဝင်ရောက်နိုင်ရေးဆောင်ရွက်ရန် လိုအပ်ပါ ကြောင်း အသိပေးအပ်ပါသည်။

    အိမ်နီးချင်းနိုင်ငံဖြစ်သည့်  ဘင်္ဂလားဒေ့ရှ့်နိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား နယ်စပ်ဒေသမှတဆင့် ကုန်သွယ်မှုပြုရာတွင် ရခိုင်ပြည်နယ်ရှိစစ်တွေွကုန်သွယ်ရေးစခန်းနှင့် မောင်တောကုန်သွယ်ရေး စခန်းတို့မှတဆင့် တဖက်နိုင်ငံတက္ကနဗ်မြို့သို့ ကုန်စည်များတင်ပို့၊ တင်သွင်းလျက်ရှိသည်။ 

    မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ့်နိုင်ငံသို့လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ကုန်ပစ္စည်းများ၊ သစ်တောထွက်ပစ္စည်းများနှင့် စက်မှုကုန်ချောပစ္စည်းများကို တင်ပို့လျက်ရှိပြီး၊ ရင်းနှီးမြှပ်နှံမှု ပစ္စည်းများ၊ လုပ်ငန်းသုံးကုန်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများကိုတင်သွင်းလျက်ရှိသည်။

   မတ်လပထမသီတင်းပတ်အတွင်း မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ့်နိုင်ငံသို့ ရေထွက်ကုန်ဖြစ်သည့် ငါးမြစ်ချင်း (၄၅)တန်ခန့်၊ စက်မှုကုန်ချောပစ္စည်းများဖြစ်သည့် တံမျက်စည်းကြမ်း (၅)တန်နှင့် ဆီးယိုထုပ် (၅၁) တန် စုစုပေါင်းတန်ဖိုးအမေရိကန်ဒေါ်လာ (၇၀၄၁၀)ဖိုး ပိုမိုတင်ပို့ခဲ့သည်။ ထိုသို့တင်ပို့နိုင်ခဲ့သည့်အတွက် ယခင်သီတင်းပတ်နှင့်နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ (၀.၀၄၁၈) သန်း ပိုမိုခဲ့သည်။

   ယခုသီတင်းပတ်အတွင်း လယ်ယာထွက်ကုန်ပစ္စည်းများအနေဖြင့် မန်ကျည်းစေ့၊ ဆီးဖတ်၊ ဆီးသီး ခြောက်၊ ချင်းအစို၊ အုန်းသီးနှင့် စစ်တုံဥတို့ တင်ပို့နိုင်ခဲ့သည်။

 

          မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံသို့ ပို့ကုန်တင်ပို့မှုအနေဖြင့် (၂၈-၂-၂၀၂၃)ရက်နေ့မှ(၄-၃-၂၀၂၃) ရက်နေ့ထိ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများနှင့် CMP ပစ္စည်းများ တင်ပို့မှုရှိသည်။

          လယ်ယာထွက်ကုန်ပစ္စည်းများမှာ ကွမ်းရွက်၊ ပီလောပီနံ၊ ဂေါ်ဖီထုပ်၊ ငရုတ်၊ ကြက်သွန်နီ၊ ဆန်မှုန့်၊ မန် ကျည်းသီး၊ ပြောင်း၊ ဆီးဖြူသီး၊ သဘာဝသစ်သီးအရည်၊ ချင်း၊ မြေပဲဆံ၊ မိဿလင်၊ မက္ကဒေးမီးယား၊ မတ်ပဲ နှင့် နှမ်းတို့ဖြစ်သည်။ ရေထွက်ကုန်ပစ္စည်းများမှာ ဂုံး၊ ခရု၊ ငါးတီး၊ အုန်းငါးမုတ်၊ ပုစွန်၊ ကုလားကုတ်၊ ကျောက် ငါး၊ ငါးသလောက်၊ ကကူယံ၊ ငါးရှဉ့်၊ ငါးခွေးလျှာ၊ ငါးပါးနီ၊ ကဏန်း၊ ငါးဓါးလွယ်၊ ငါးမြီးတံသွယ်ခြောက်၊ ငါးပူတင်းအရေခွံခြောက်၊ ငါးကွမ်းရှပ်ငါးဆားနယ်၊ ငါးထောပတ်၊ ငါးမြစ်ချင်းစီဖောင်းနှင့် ငါးပုတ်သင်စီဖောင်း တို့ဖြစ်ပြီး CMP တင်ပို့မှုမှာ အမျိုးသား/အမျိုးသမီး ဝတ်အထည်အလိပ်များ တင်ပို့လျက်ရှိသည်။

          အများပို့ကုန်ပစ္စည်းများ တင်ပို့မှုအနေဖြင့် CMP ၊ ပြောင်း၊ ငရုတ်၊ သတ္တုနှင့်သတ္တုရိုင်း၊ ကြက်သွန်နီ၊ ပီလောပီနံ၊ မန်ကျည်းသီး၊ ရေထွက်ကုန်ပစ္စည်း၊ ဂေါ်ဖီထုပ်၊ ဆန်မှုန့်၊ ကွမ်းရွက်၊ မြေပဲဆံ၊  ချင်း၊ ဆီးဖြူသီး၊ ဝီစကီ၊ မက္ကဒေးဗီးယားနှင့် အခြားပစ္စည်းတို့ဖြစ်သည်။ ယခုအခါထိုင်းနိုင်ငံမှ ခရီးသွားလုပ်ငန်းများပြန်လည် စတင်ခြင်းကြောင့် စားသောက်ကုန်လုပ်ငန်းများ တွင်ကျယ်စွာဆောင်ရွက်လာခြင်းနှင့် စားသောက်ဆိုင်များတွင် အသုံးပြုရန် လိုအပ်ချက်ကြောင့် ဝယ်လိုအားမြှင့်တက်နေ၍ ယခင်နှစ်ကထက် ပိုမိုတင်ပို့နိုင်ခဲ့ခြင်းဖြစ်သည်။

          ပုပ်သိုးပျက်စီးလွယ်သည့် ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်းပို့ကုန်များဖြစ်သည့် ကြက်သွန်နီ၊ ငရုတ်၊ ဂေါ်ဖီထုပ်များကို အမြန်တင်ပို့နိုင်ရေးအတွက် ကုန်သွယ်ရေးဇုန်မှအချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးလျက်ရှိ သည်။

          သွင်းကုန်တင်သွင်းမှုအနေဖြင့် တိရစ္ဆာန်အစာ၊ စက်ဘီး၊ စာရေးကိရိယာ၊ ကားအပိုပစ္စည်း၊ အဝတ်အထည်၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ အလှကုန်ပစ္စည်း၊ ဆိုင်ကယ်အပိုပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ ငါးဖမ်းကိရိယာ၊ စားသောက်ကုန်၊ ဖိနပ်နှင့်ဖိနပ်ကုန်ကြမ်းပစ္စည်း၊ သစ်သီး၊ Garment ၊ အိမ်သုံးပစ္စည်း၊ စက်ရုံသုံးပစ္စည်း၊ တိရစ္ဆာန် အရှင်(ဘဲသားပေါက်)၊ စက်ဆီ/ချောဆီ၊ ဆေးဝါး၊ Packing Materials ၊ အိမ်သုတ်ဆေး၊ လူသုံးကုန်ပစ္စည်း၊ ကုန်ကြမ်းပစ္စည်း၊ အသုံးပြုပြီးစက် လှေကား၊ အားကစားပစ္စည်း၊  လယ်ထွန်စက်အပိုပစ္စည်းနှင့် စက်နှင့်စက် ပစ္စည်းကိရိယာတို့ တင်သွင်းလျက်ရှိသည်။  

          အများဆုံးသွင်းကုန်ပစ္စည်းများမှာ ထုပ်ပိုးပစ္စည်းများ၊ စက်ရုံးသုံးပစ္စည်း၊ ဆေးနှင့်ဆေးပစ္စည်း၊ အိမ်သုတ် ဆေး၊ စားသောက်ကုန်၊ Garment ၊ အိမ်သုံးပစ္စည်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ အလှကုန်ပစ္စည်း၊ ယာဉ်/ယန္တရားအပိုပစ္စည်း၊ ကားအပိုပစ္စည်း၊ လျှပ်စစ်ပစ္စည်းများ၊ သစ်သီး၊ ဆိုင်ကယ်အပိုပစ္စည်း၊ ဖိနပ်နှင့်ဖိနပ် ကုန်ကြမ်းပစ္စည်း၊ အဝတ်အထည်၊ စက်ဘီး၊ စာရေးကိရိယာ၊ စက်ဆီ/ချောဆီနှင့် အခြားပစ္စည်းတို့ဖြစ်သည်။

          (၅-၁-၂၀၂၃)ရက်နေ့မှစ၍ မြဝတီကုန်သွယ်မှုလမ်းကြောင်းများ ပုံမှန်ဖြစ်ပေါ်လာပြီး ပို့ကုန်၊ သွင်းကုန် လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။ ယခုအခါ ပြောင်းဆံများ တိုးမြှင့်တင်ပို့လာနိုင်ခြင်းနှင့် တရုတ် နှစ်သစ်ကူးနောက်ပိုင်း တစ်ဖက်နိုင်ငံမှ လုပ်ငန်းများတိုးမြှင့် ဆောင်ရွက်လာခြင်းတို့ကြောင့် ဘတ်စျေးများ တဖြည်းဖြည်း ကျဆင်းလျက်ရှိသည်။

          ငွေစျေးနှုန်းအနေဖြင့် ယခင်အပတ်က တစ်ဘတ်လျှင်(၈၂.၉၉)ကျပ်ထိရှိခဲ့ပြီး ယခုအပတ်တွင် (၈၂.၆၄) ကျပ်ခန့်အထိရှိရာ ဘတ်စျေးအနည်းငယ်ပြန်ကျလာသဖြင့် သွင်းကုန်များ ပိုမိုတင်သွင်းလျက်ရှိကြောင်း သိရှိ ရသည်။

          ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းအနေဖြင့် ယခုတစ်ပတ် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၅) ရက်နေ့မှ မတ်လ(၃)ရက်နေ့အတွင်း လုပ်ငန်းဆောင်ရွက်မှုမှာ ပို့ကုန် (၁၀.၁၈၅)ဒေါ်လာသန်း၊ သွင်းကုန်(၆.၉၉၆) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၁၇.၁၈၁) ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပြီး ယာဉ်စီးရေအနေဖြင့် ပို့ကုန် (၂၁၅၈)စီး၊ သွင်းကုန် (၅၈၂)စီး ဆောင်ရွက်နိုင်ခဲ့သည်။

          ယခင်တစ်ပတ် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၈) ရက်နေ့မှ (၂၄)ရက်နေ့အတွင်း ပို့ကုန်ဆောင်ရွက်မှု (၇.၅၉၁) ဒေါ်လာသန်းနှင့် သွင်းကုန်ဆောင်ရွက်မှု (၆.၉၉၃) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏအနေဖြင့် (၁၄.၅၈၄) ဒေါ်လာသန်းဆောင်ရွက်နိုင်ခဲ့သည်။

          အဓိကပို့ကုန်ဖြစ်သည့် ဆန်၊ ဆန်ကွဲ၊ ပြောင်း၊ မြေပဲဆံ၊ ကုန်လားပဲ၊ လက်ဖက်ခြောက်၊ နှံစားပြောင်း၊ ဇီးဖြူသီးခြောက်၊ ချင်း(စို)၊ ငရုတ်သီး(အစို)၊ ရော်ဘာတို့ တင်ပို့မှုပိုမိုခဲ့ခြင်းကြောင့် ယခင်အပတ်ထက် (၂.၅၉၄) ဒေါ်လာသန်းပိုမိုခဲ့ပြီး သွင်းကုန်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းအုပ်စု တင်သွင်းမှုလျော့နည်းခဲ့သော်လည်း၊ လူသုံးကုန်ပစ္စည်းအုပ်စုနှင့် လုပ်ငန်းသုံးကုန်ကြမ်း အုပ်စုတို့ပိုမိုခဲ့ခြင်းကြောင့် ယခင်အပတ်ထက် (၀.၀၀၃) ဒေါ်လာသန်းပိုမိုခဲ့၍ ကုန်သွယ်မှုပမာဏအနေဖြင့် (၂.၅၉၇) ဒေါ်လာသန်း ပိုမိုခဲ့ကြောင်း သိရသည်။

         

 

                                                                                                ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း

Pages