နှစ်နိုင်ငံအကြား အကောက်ခွန်နှုန်းကို ၁၀% အထိသာသတ်မှတ်ပေးရန် အမေရိကန်အား တောင်းဆိုထားကြောင်း ထိုင်းဘဏ္ဍာရေးဝန်ကြီးဌာနပြောကြား
ထိုင်းနိုင်ငံအပါအဝင် အမေရိကန်၏ ကုန်သွယ်ဘက်အများစုအပေါ် ညှိနှိုင်းဆွေးနွေးရေးကာလ ရက် ၉၀ သည် ဇူလိုင်လ ၇ ရက်နေ့တွင် ပြည့်ပြီဖြစ်ရာ သဘောတူညီချက်မရရှိခြင်း သို့မဟုတ် လက်ရှိ အကောက်ခွန်နှုန်းအတိုင်း ကောက်ခံမည့် အချိန်ကာလတိုးမြှင့်ခြင်းတို့ မရှိပါက ထိုင်းနိုင်ငံသည် အမေရိကန်အား အကောက်ခွန်နှုန်း ၃၆ % ပေးဆောင်ရမည်ဖြစ်ပါသည်။
ထိုင်းဘဏ္ဍာရေးဝန်ကြီး Pichai Chunhavajira က ထိုင်းညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင်အဖြစ် အမေရိကန်သို့ သွားရောက်မည်ဖြစ်ကြောင်း၊ ပြီးခဲ့သည့်လများအတွင်း အမေရိကန်၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးကိုယ်စားလှယ်ရုံး (USTR) နှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့နှင့် ညှိနှိုင်းမှုများဆောင်ရွက်ခဲ့သော်လည်း အခြေအနေများမတည်ငြိမ်ကြောင်း၊ ထိုင်းအစိုးရသည် အမေရိကန်၏ မည်သည့်ချဉ်းကပ်မှုကိုမဆို ရင်ဆိုင်ဖြေရှင်းရန် အဆင်သင့်ဖြစ်နေပြီး ကဏ္ဍစုံပါဝင်ရန်နှင့် ထိုင်းနိုင်ငံမနစ်နာစေရန် ငွေကြေးမူဝါဒရုံး၊ ကုန်သွယ်ရေးညှိနှိုင်းမှုဌာနတို့အကြား ပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီးကြောင်း၊ အမေရိကန်ဥပဒေအရ ယခုလုပ်ငန်းစဉ်သည် ပွင့်လင်းမြင်သာပြီး စိစစ်အတည်ပြုနိုင်ကြောင်း၊ အမေရိကန်ကို မှန်မှန်ကန်ကန် မထောက်ခံပါက ထိုင်းအနေဖြင့် ဈေးကွက်ဝင်ရောက်ခွင့် ဆုံးရှုံးနိုင်ပြီး တင်ပို့မှုများတွင် အခက်အခဲများကြုံတွေ့ရနိုင်ကာ လယ်သမားများနှင့် စီးပွားရေးလုပ်ငန်းများ အကြီးအကျယ်ထိခိုက်နိုင်ကြောင်း ပြောကြားခဲ့သည်။
အမေရိကန် - ထိုင်းလုပ်ငန်းအဖွဲ့ညှိနှိုင်းမှုများကို အမေရိကန်၊ ကုန်သွယ်ရေးကိုယ်စားလှယ်ရုံးနှင့် ထိုင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့က အွန်လိုင်းမှ ဆွေးနွေးနေပြီး ထိုင်းဘက်မှ တရားဝင်အဆိုပြုချက်တစ်ခုတင်ပြခဲ့ကြောင်း၊ အမေရိကန်ဘက်မှ လက်ရှိထိုင်းကုန်စည်များအပေါ် အကောက်ခွန်နှုန်း ၁၀% မှ ၁၈% သို့ တိုးမြှင့်ရန် ကနဦးအဆိုပြုထားကြောင်း၊ ယင်းအဆိုပြုချက်သည် အမေရိကန်၏ နှုန်းသေ ၃၆% အောက်လျော့နည်းသော်လည်း အခြားအကောက်ခွန် မဟုတ်သော စည်းမျဉ်းများလည်းပါကြောင်း၊ ထိုင်းဘက်ကမူ အခြားနိုင်ငံများအား စည်းကြပ်သည့် အကောက်ခွန်နှုန်း ၁၀% အထိ ထပ်မံလျှော့ချရန် တောင်းဆိုထားကြောင်းနှင့် အမေရိကန်ဘက်မှလည်း ညှိနှိုင်းရေးနောက်ဆုံးရက်ဖြစ်သည့် ဇူလိုင်လ ၇ ရက်နေ့မတိုင်မီ ထပ်မံဆွေးနွေးမည် ဖြစ်ကြောင်း သိရပါသည်။
ဆွေးနွေးပွဲများတွင် အကောက်ခွန်ကိစ္စအပြင် စည်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့် ကုန်သွယ်မှုအခက်အခဲများ စသည့် အကောက်ခွန်မဟုတ်သည့် အတားအဆီးများကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ထိုင်းအနေဖြင့် ပျော့ပြောင်းသော ပို့ကုန်/သွင်းကုန်မူဝါဒဖြစ်ရေး ပြန်လည်သုံးသပ်မည် ဖြစ်ကြောင်း၊ အမေရိကန်၏ ကုန်သွယ်ဘက်နိုင်ငံများစွာနှင့် ဆွေးနွေးမှုများကို ရှင်းရှင်းလင်းလင်း မသိရသော်လည်း မည်သည့်နိုင်ငံနှင့်မျှ သဘောတူညီချက်ကို အပြီးသတ်နိုင်ခြင်းမရှိသေးကြောင်းနှင့် နောက်ဆုံးတွင် အကောက်ခွန်နှုန်းသစ်များစည်းကြပ်မှုကို ရွှေ့ဆိုင်းသွားနိုင်မည်ဟု ယူဆရကြောင်း ဘဏ္ဍာရေးဝန်ကြီးက ပြောကြားခဲ့သည်။
အမေရိကန်မှ မည်သည့်အကောက်ခွန်နှုန်းကို သတ်မှတ်စေကာမူ အခြားနိုင်ငံများထက် ပိုမဆိုးစေရန်နှင့် မိမိတို့၏ယှဉ်ပြိုင်နိုင်စွမ်းကို ထိန်းသိမ်းရန်အရေးကြီးကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် မိမိ၏ ယှဉ်ပြိုင်နိုင်စွမ်းကို ထိန်းသိမ်းနိုင်ခြင်းမရှိပါက အဆုံးမရှိသောအကျိုးဆက်များကို ရင်ဆိုင်ရမည် ဖြစ်ကြောင်း၊ ဥပမာ - အာဆီယံသည် အစုအဖွဲ့အဖြစ်ညှိနှိုင်းခွင့်မရှိဘဲ ယခုအချိန်ထိ မည်သည့် အာဆီယံနိုင်ငံကမျှ လျင်မြန်သောရလဒ် မရသေးကြောင်း၊ အသေးစိတ်ဆွေးနွေးမည်ဆိုတိုင်း အချက်အလက်နှင့် အခြေအနေအသစ်များ ပေါ်ထွက်လာနေကြောင်း Pichai ကပြောကြားခဲ့ပါသည်။
ရင်းမြစ်- https://www.nationthailand.com