ကျောက်ဆည်မြို့နယ်၌ နေကြာ(ဆောင်း)ရိတ်သိမ်းမှုနှင့် ဈေးကွက်

   မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာများ တွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရာ ဆီထွက်သီးနှံ တစ်မျိုးဖြစ်သည့် နေကြာသီးနှံကို စိုက်ပျိုးကြကြောင်း၊ ခရိုင်အတွင်း နေကြာ(ဆောင်း) သီးနှံစိုက်ပျိုးမှု အနေဖြင့် ကျောက်ဆည်မြို့နယ်တွင် ၁၀,၂၇၄ ဧက၊ စဥ့်ကိုင်မြို့နယ်တွင် ၁၂,၁၃၈ ဧက၊ မြစ်သား မြို့နယ်တွင် ၅,၆၂၇ ဧက၊ စုစုပေါင်း ၂၈,၀၃၉ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ကျောက်ဆည်မြို့နယ်တွင် ၄,၈၇၆ ဧက၊ စဥ့်ကိုင်မြို့နယ်တွင် ၄,၀၂၀ ဧက၊ မြစ်သားမြို့နယ်တွင် ၃,၃၇၅ ဧက၊ စုစုပေါင်း ၁၂,၂၇၁ ဧက ရိတ်သိမ်းပြီး ဖြစ်ကြောင်း ခရိုင်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။

  နေကြာ(ဆောင်း)သီးနှံကို နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် စိုက်ပျိုး၍ ဖေဖော်ဝါရီလနှင့် မတ်လတွင် ရိတ်သိမ်းကြရာ ယခုအချိန်တွင် လှိုင်လှိုင်ထွက်ပေါ်လျက်ရှိကြောင်း၊ နေကြာသီးနှံကို သီးသန့်စိုက်ပျိုးမှုနှင့်သီးညှပ်စိုက်ပျိုးမှုဟူ၍ရှိပြီး သီးသန့်စိုက်ပျိုးမှုကိုသာ အများဆုံးစိုက်ပျိုးကြ ကြောင်း၊ ဆင်းရွှေကြာ-၁ မျိုးများကို ကြဲပက်စနစ်ဖြင့် စိုက်ပျိုးကြပြီး မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် ၃ သိန်းခန့် ကုန်ကျကြောင်း၊ တစ်ဧကလျှင် ၂၀-၂၅ တင်း ခန့် ထွက်ရှိပြီး ဈေးကွက်အနေဖြင့် တောင်သူများမှ ကျောက်ဆည်မြို့ပေါ်ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချ ကြကြောင်း၊ ပွဲရုံများမှတစ်ဆင့် မန္တလေးမြို့နှင့် ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချကြကြောင်း၊ နေကြာ သီးနှံသည် သက်တမ်းတိုမျိုးဖြစ်ပြီး ကုန်ကျစရိတ်သက်သာ၍ မိသားစုအတွက် စားသုံးဆီဖူလုံကာ အကျိုးအမြတ်ရရှိကြောင်း တောင်သူတစ်ဦးထံမှ သိရသည်။

DOCA (မန္တလေး)