စဥ့်ကိုင်မြို့နယ်၌ ငရုတ်သီးများ လှိုင်လှိုင်ထွက်ပေါ်လျက်ရှိ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသတစ်ခုဖြစ်၍ လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံစိုက်ပျိုးဖြစ်ထွန်းလျက်ရှိရာ စားဖိုဆောင်သီးနှံတစ်မျိုး ဖြစ်သော ငရုတ်သီးကို စီးပွားဖြစ်စိုက်ပျိုးကြကြောင်း၊ စဥ့်ကိုင်မြို့နယ်တွင် စိုက်ဧက ၁,၅၈၄ ဧက စိုက်ပျိုးခဲ့ရာ ယခုအချိန်တွင် ၁,၀၁၄ ဧက ရိတ်သိမ်းပြီးဖြစ်ကြောင်း ခရိုင်ကြေးတိုင်နှင့် မြေစာရင်း ဦးစီးဌာန၏ စာရင်းများအရ သိရသည်။ ငရုတ်သီးကို ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများတွင် စိုက်ပျိုးကြပြီး ဇွန်လနှင့် ဇူလိုင်လများ တွင် ထွက်ပေါ်လျက်ရှိရာ ယခုချိန်တွင် ငရုတ်သီးများ လှိုင်လှိုင်ထွက်ပေါ်လျက်ရှိကြောင်း၊ မျိုးအနေဖြင့် သာမို၊ ဒီမွန်၊ အက်စတာ၊ ၆၉၂၊ ကျားခေါင်း စသည့်ငရုတ်မျိုးများကို စိုက်ပျိုးကြပြီး ၆၉၂ ငရုတ်မျိုးကို အများဆုံးစိုက်ပျိုးကြကြောင်း၊ ပင်ခြားတန်းခြား ၃ ပေအကွာထား၍ ဘောင်ခတ်စနစ်ဖြင့် စိုက်ပျိုး ကြကြောင်း၊ စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ မြေပြုပြင်ခ၊ လုပ်သားခ အပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် ၁၅ သိန်းကျပ်ခန့် ကုန်ကျပြီး တစ်ဧကလျှင် ပိဿာချိန် ၄၀၀-၄၅၀ ပိဿာခန့်ထွက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ပွဲစားများမှ လာရောက်ဝယ်ယူကြပြီး ပွဲစားများမှတစ်ဆင့် ရန်ကုန်နှင့် မန္တလေးမြို့တို့သို့ တင်ပို့ရောင်းချကြကာ အကျိုးအမြတ်များရရှိလျက်ရှိကြောင်း၊ ငရုတ်သီးစိုက် တောင်သူတစ်ဦးထံမှ သိရသည်။