နှစ်ရှည်သီးနှံဩဇာပင် စိုက်ပျိုးခြင်းဖြင့် တောင်သူများ အကျိုးအမြတ်ရရှိ
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ ကျေးရွာများသည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်း ကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ နှစ်ရှည်သီးနှံတစ်မျိုးဖြစ်သော ဩဇာသီးကို ဥယျာဉ် ခြံမြေများနှင့် နေအိမ်ခြံစည်းရိုးများတွင် စီးပွားဖြစ်စိုက်ပျိုးကြကြောင်း သိရသည်။
ဩဇာသီးကို အစိုဓာတ်ကောင်းမွန်သော မိုးဦးကျကာလများဖြစ်သည့် ဇွန်လနှင့် ဇူလိုင်လတို့ တွင် စိုက်ပျိုးပြီး သက်တမ်း ၅ နှစ်ခန့်အကြာတွင် အသီးများစတင်ဆွတ်ခူးရကြောင်း၊ ဩဇာသီး အညိုရောင်နှင့် အစိမ်းရောင်မျိုးများရှိပြီး အစိမ်းရောင်မျိုးကိုသာ အများဆုံးစိုက်ပျိုးကြကြောင်း၊ ဩဇာစေ့ကို ပျိုးထောင်ပြီး ၆ လသားအရွယ်တွင် ပင်ခြား တန်းခြား ၈ ပေအကွာဖြင့် မြေချစိုက်ပျိုးရ ကြောင်း၊ တစ်ဧကလျှင် ဩဇာပင် ၂၅၀ ခန့် ဝင်ဆံ့စိုက်ပျိုးရပြီး ဩဇာသီး စတင်စိုက်ပျိုးချိန်မှ ခူးဆွတ် ချိန်အထိ တစ်ဧကလျှင် စုစုပေါင်းငွေကျပ် သိန်း ၄၀ ခန့် ကုန်ကျကြောင်း၊ တစ်ဧကလျှင် ဩဇာသီး အလုံးရေ ၁၀,၀၀၀ ကျော်ခန့် ထွက်ရှိပြီး ပခုက္ကူမြို့သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ယခုနှစ်တွင် ရာသီဥတုကောင်းမွန်၍ အထွက်နှုန်းနှင့် ဈေးနှုန်းများကောင်းမွန်သောကြောင့် နှစ်ရှည်သီးနှံဩဇာပင် စိုက်ပျိုးခြင်းဖြင့် တောင်သူများ အကျိုးအမြတ်များရရှိကြောင်း သိရသည်။