ဆိပ်ဖြူမြို့နယ်၌ နွေနှမ်း(မိုးကြို)များ စတင်ထွက်ပေါ်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာများသည် လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိကြောင်း၊ ဆီထွက်သီးနှံ တစ် မျိုးဖြစ်သော နှမ်းသီးနှံကို နွေနှမ်း(မိုးကြို)နှင့် ဆောင်းနှမ်းဟူ၍ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ နွေနှမ်း(မိုးကြို)ကို ဖေဖော်ဝါရီလနှင့် မတ်လတွင် စိုက်ပျိုးကြပြီး ဇွန်လတွင် စတင်ထွက်ပေါ်ကြောင်း၊ နှမ်းနက်(စမုန်) မျိုးကို ကြဲပက်စနစ်ဖြင့် စိုက်ပျိုးပြီး တစ်ဧကလျှင် မျိုးစေ့ ၂ ပြည်ခန့် ကုန်ကျ ကြောင်း၊ မြေပြုပြင်ခ၊ မျိုး၊ သွင်းအားစု၊ အလုပ်သမားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်း ငွေကျပ် ၅-၆ သိန်းခန့် ကုန်ကျကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းထွက်ရှိသည့် နှမ်းနက် (စမုန်) များကို ဆိပ်ဖြူမြို့နှင့် ချောက်မြို့များရှိ ပွဲရုံများသို့ တင်ပို့ရောင်းချပြီး ထိုမှတစ်ဆင့် ရန်ကုန်မြို့သို့ တင်ပို့ ရောင်းချကြောင်း၊ ပြည်ပဈေးကွက်အနေဖြင့် ရန်ကုန်မြို့မှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့ကြောင်း၊ ပြည်တွင်းစားသုံးမှုမြင့်မားပြီး ပြည်ပ ဝယ်လိုအားကောင်း၍ ဈေးကွက်ခိုင်မာမှုရှိသောကြောင့် နွေနှမ်း သီးနှံများ အရောင်းအဝယ်ဖြစ်လျက်ရှိသောကြောင့် နွေနှမ်းစိုက်တောင်သူများ အကျိုးအမြတ်ရရှိ ကြောင်း သိရသည်။

DOCA (မကွေး)