ကျောက်ဆည်မြို့နယ်၌ ဖူးစားပြောင်းစိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်ရရှိ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်သည် ဆည်ရေသောက်ဒေသတစ်ခုဖြစ်၍ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိကြောင်း၊ ဖူးစားပြောင်း သီးနှံကို မိသားစုအပိုဝင်ငွေရရှိရန်အတွက် တစ်နိုင်တစ်ပိုင်စိုက်ပျိုးရာမှ စီးပွားဖြစ်စိုက်ပျိုးလာကြ ကြောင်း၊ ကျောက်ဆည်မြို့နယ်တွင် ဖူးစားပြောင်းစိုက်ဧက ၂,၀၇၇ စိုက်ပျိုးခဲ့ပြီး စိုက်ဧကအားလုံး ရိတ်သိမ်း ပြီးဖြစ်ကြောင်း ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။
ဖူးစားပြောင်းသီးနှံကို ယာမြေနှင့် ဥယျာဉ်ခြံမြေများတွင် အများဆုံးစိုက်ပျိုးကြ၍ စိုက်ပျိုးပြီး ၄ လခန့်အကြာတွင် ရိတ်သိမ်းရကြောင်း၊ ထိုင်ဝမ်သကြားပြောင်းမျိုးများကို ပင်ကြား ၂ ပေခွဲ၊ တန်းကြား ၈-၁၀ လက်မခြား၍ စိုက်ပျိုးကြကြောင်း၊ မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် ၅ သိန်းခန့် ကုန်ကျပြီး ပြောင်းဖူးရေ ၆,၀၀၀-၇,၀၀၀ ခန့် ထွက်ရှိ ကြောင်း၊ ဈေးကွက်အနေဖြင့် ကုန်စိမ်းပွဲစားများမှ စိုက်ခင်းသို့ လာရောက်ဝယ်ယူကြပြီး ထိုမှ တစ်ဆင့် ကျောက်ဆည်နှင့် မန္တလေးမြို့တို့ရှိ ကုန်စိမ်းပွဲရုံများသို့ တင်ပို့ရောင်းချကြကြောင်း၊ ဖူးစား ပြောင်းစိုက်ပျိုးခြင်းဖြင့် ပြောင်းဖူးရိုးများမှာလည်း ကျွဲစာနွားစာအတွက် ဖူလုံသည့်အပြင် သကြား ပြောင်းမှာ လူကြိုက်များသောကြောင့် အရောင်းအဝယ်သွက်ပြီး ဈေးကောင်းရလျက်ရှိ၍ အကျိုး အမြတ်များရရှိကြောင်း တောင်သူတစ်ဦးထံမှ သိရှိရသည်။
DOCA (မန္တလေး)