ကျောက်ဆည်မြို့နယ်၌ ကုလားပဲ(ဆောင်း)သီးနှံများ လှိုင်လှိုင်ထွက်ပေါ်

   မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာများ  တွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ကုလားပဲ (ဆောင်း)သီးနှံကိုလည်း စိုက်ပျိုးကြကြောင်း၊ ကျောက်ဆည်မြို့နယ်တွင် ကုလားပဲ(ဆောင်း) စိုက်ဧက ၃၀,၀၉၈ ဧက စိုက်ပျိုးထားရှိရာ ၁,၁၅၄ ဧက ရိတ်သိမ်းပြီးဖြစ်ကြောင်း ကြေးတိုင်နှင့် မြေစာရင်းဦးစီး ဌာန၏ စာရင်းများအရ သိရသည်။

   ကုလားပဲ(ဆောင်း)သီးနှံကို နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် စတင်စိုက်ပျိုးပြီး ဖေဖော်ဝါရီလ နှင့်မတ်လများတွင် ရိတ်သိမ်းသည့်အတွက် ယခုအချိန်တွင် ကုလားပဲ(ဆောင်း)သီးနှံများ လှိုင်လှိုင် ထွက်ပေါ်လျက်ရှိကြောင်း၊ V2 ကုလားပဲမျိုးနှင့် ရိုးရိုးကုလားပဲ လုံးသေးမျိုးများရှိပြီး V2 ကုလားပဲမျိုး ကိုသာ အများဆုံးစိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးရာတွင် ကြဲပက်စနစ်ဖြင့် စိုက်ပျိုးကြပြီး တစ်ဧကလျှင် မျိုးစေ့ တစ်တင်းခွဲနှုန်းခန့် စိုက်ပျိုးရကြောင်း၊ မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် ၃ သိန်းခန့်ကုန်ကျပြီး ၁၁-၁၂ တင်းနှုန်းခန့်ထွက်ရှိကြောင်း၊  ဈေးကွက်အနေဖြင့် တောင်သူများမှ ကုလားပဲသီးနှံများကို ကျောက်ဆည်မြို့ပေါ်ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချကြပြီး ပွဲရုံများမှတစ်ဆင့် မန္တလေးနှင့်ရန်ကုန်မြို့တို့သို့ တင်ပို့ရောင်းချကြကြောင်း၊ ကုလားပဲသီးနှံသည် ကုန်ကျစရိတ်သက်သာပြီး အကျိုးအမြတ်ရရှိသော သီးနှံဖြစ်၍ နှစ်စဉ်တိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ 

DOCA (မန္တလေး)