ကျောက်ဆည်မြို့နယ်၌ ပဲစင်းငုံသီးနှံများ ရိတ်သိမ်းပြီးစီး

    မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းကို လုပ်ကိုင်ကြပြီး စပါး၊ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း၊ ငရုတ်၊ နေကြာ စသည့်သီးနှံမျိုးစုံစိုက်ပျိုး လျက်ရှိရာ ပဲစင်းငုံသီးနှံကိုလည်း စီးပွားဖြစ်စိုက်ပျိုးကြကြောင်း၊ ကျောက်ဆည်မြို့နယ်တွင် ပဲစင်းငုံ ကို ၁,၄၈၃ ဧက စိုက်ပျိုးခဲ့ပြီး ယခုအချိန်တွင် သီးနှံအားလုံးရိတ်သိမ်းပြီးဖြစ်ကြောင်း ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။

   ပဲစင်းငုံသီးနှံကို ဇွန်လနှင့် ဇူလိုင်လများတွင် စတင်စိုက်ပျိုးကြပြီး ယခုအချိန်တွင် သီးနှံအားလုံး ရိတ်သိမ်းပြီးဖြစ်ကြောင်း၊ အများဆုံးစိုက်ပျိုးကြသည့် မျိုးအနေဖြင့် ကြေးနီရောင်တဘက်လှဲမျိုး၊ ရွှေဝါရောင်လုံးသေးဒင်္ဂါးမျိုးများဖြစ်ပြီး ထွန်ကြောင်းဆွဲအစေ့ချစနစ်ဖြင့် စိုက်ပျိုးကြကြောင်း၊ မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်း ငွေကျပ် ၃ သိန်းကျပ်ခန့် ကုန်ကျကြောင်း၊ တစ်ဧကလျှင် ၁၀-၁၁ တင်းခန့် ထွက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် တောင်သူများမှ  ကျောက်ဆည် မြို့ပေါ်ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချကြပြီး ပွဲရုံများမှတစ်ဆင့် မန္တလေးနှင့် ရန်ကုန်မြို့တို့သို့ တင်ပို့ ရောင်းချကာ အကျိုးအမြတ်များရရှိကြောင်း ပဲစင်းငုံသီးနှံစိုက်ပျိုးသည့် တောင်သူတစ်ဦး၏ ပြောပြ ချက်အရ သိရသည်။

DOCA (မန္တလေး)