အထက်မင်းလှမြို့နယ်၊ ပန်းတော်ပြင်ကျေးရွာ၌ ဖူးစားပြောင်းသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

     မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်၊ ပန်းတော်ပြင်ကျေးရွာအုပ်စု၊ ပန်းတော်ပြင် ကျေးရွာတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ဖူးစား ပြောင်းသီးနှံများကိုလည်း ၁၀ ဧကခန့် စိုက်ပျိုးထားရှိကြောင်း သိရသည်။

          ဖူးစားပြောင်းကို ဒီဇင်ဘာလတွင် စတင်စိုက်ပျိုးပြီး ၃ လအကြာတွင် ခူးဆွတ်ရကြောင်း၊ ထိုင်ဝမ်ပြောင်းစီးမျိုးများကို အများဆုံးစိုက်ပျိုးကြပြီး တစ်ဧကလျှင် မျိုးထုပ် ၃ ထုပ်ခန့် ကုန်ကျ ကြောင်း၊ စိုက်ပျိုးရာတွင် ထွန်ကြောင်းဆွဲအစေ့ချ၍ မြေအောက်ရေတင်စနစ်ဖြင့် စိုက်ပျိုးကြပြီး မျိုး၊ သွင်းအားစု၊ ရေသွင်းခ၊ မြေပြုပြင်ခနှင့် လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် ၄၅၀,၀၀၀ ကျပ်ခန့်ကုန်ကျကြောင်း၊ ယခင်နှစ်က တစ်ဧကလျှင် ပြောင်းဖူးအရေအတွက် ၄,၀၀၀ ခန့် ထွက်ရှိခဲ့ပြီး စိုက်ပျိုးမြေ အနေအထားနှင့် သီးနှံဖြစ်ထွန်း အောင်မြင်မှုအပေါ်မူတည်၍ အထွက်နှုန်း များ ကွာခြားမှုရှိကြောင်း၊ ဈေးကွက်အနေဖြင့် အထက်မင်းလှမြို့၊ ဇေယျာသီရိဈေးနှင့် သရက်-မင်းလှကားလမ်းဘေးရှိ ကုန်စိမ်းဒိုင်များသို့ တင်ပို့ရောင်းချကြကြောင်း၊ ယခုအချိန်တွင် ပြောင်း စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး သီးနှံပေါ်ချိန်တွင် ဈေးနှုန်းကောင်းမွန်ပါက အကျိုးအမြတ် များ ရရှိနိုင်မည်ဖြစ်ကြောင်း ပြောင်းစိုက်တောင်သူတစ်ဦးထံမှ သိရသည်။

OCA (မကွေး)