အိန္ဒိယအနေဖြင့် အမေရိကန်နှင့် ကုန်သွယ်ရေးသဘောတူညီချက် အလျင်စလို မဆောင်ရွက်သင့်ကြောင်း ပညာရှင်များ သတိပေး

 

အမေရိကန်သည် လယ်ယာစိုက်ပျိုးရေးကဲ့သို့ အဓိကကဏ္ဍများကို ထည့်သွင်းလာသည့်အတွက် အိန္ဒိယအနေဖြင့် အမေရိကန်နှင့် ကုန်သွယ်ရေးသဘောတူညီချက် အလျင်စလိုပြုလုပ်ခြင်းမှ ရှောင်ရှားသင့်ကြောင်း၊ အီးယူကဲ့သို့ အဓိကကုန်သွယ်ဖက်များကိုပင် သက်သာခွင့်မပေးသော အမေရိကန်၏ ဖိအားပေးမှုကို အိန္ဒိယတစ်နိုင်ငံတည်း ခံရခြင်းမဟုတ်ကြောင်း     ကမ္ဘာ့ကုန်သွယ်ရေးဆိုင်ရာ သုတေသနအဖွဲ့ (Global Trade Research Initiative) မှ ပညာရှင်များက သတိပေးထားပါသည်။

အမေရိကန်သည် ဘရာဇီးနိုင်ငံအား အကောက်ခွန် ၅၀ % ကောက်ခံခဲ့ပြီး အဓိက ကုန်သွယ်က်ဖြစ်သော ဥရောပသမဂ္ဂ (EU) နှင့် မက္ကဆီကိုတို့အား ဩဂုတ်လ ၁ ရက်နေ့မှစ၍ အကောက်ခွန် ၃၀ ကောက်ခံမည်ဖြစ်ကြောင်း အဆိုပြုထားကာ နိုင်ငံပေါင်း ၂၄ နိုင်ငံအား အကောက်ခွန်ဆိုင်ရာ အကြောင်းကြားစာများ ပေးပို့ခဲ့ပါသည်။

လက်ရှိတွင် အမေရိကန်သည် နိုင်ငံ ၂၀ ကျော်နှင့် ညှိနှိုင်းနေပြီး နိုင်ငံပေါင်း ၉၀ ကျော်ထံမှ ဖြေလျှော့မှုများရမည်ဟု မျှော်လင့်နေကြောင်း၊ နိုင်ငံအများစုကမူ နိုင်ငံရေးအရ တွန်းအားပေးထားသော၊ ကုန်သွယ်ရေးအရ အာမခံချက်မရှိသော သဘောတူညီချက်များကို ဆန့်ကျင်နေကြောင်း၊ ဥရောပနှင့် မက္ကဆီကိုတို့သည် အမေရိကန်၏ အဓိကကုန်သွယ်ဖက်များဖြစ်သောကြောင့် ၎င်းတို့၏ သဘောတူညီချက် အမြန်ရရှိရန် အမေရိကန်က ဖိအားပေးသည့်အနေဖြင့် အကောက်ခွန်များ စည်းကြပ်ခဲ့ခြင်းဖြစ်ကြောင်း၊ အိန္ဒိယအနေဖြင့် ၎င်းတို့ကဲ့သို့ မျှတသောသဘောတူညီချက်ကို မျှော်လင့်နိုင်မည်မဟုတ်ကြောင်း GTRI တည်ထောင်သူ Ajay Srivastavaက ပြောကြားခဲ့ပါသည်။ 

နောက်ထပ် ကုန်သွယ်ရေးကျွမ်းကျင်သူတစ်ဦးက အိန္ဒိယသည် အမေရိကန်နှင့် ကုန်သွယ်ရေး သဘောတူညီချက် စေ့စပ်ညှိနှိုင်းရာတွင် သတိကြီးကြီးထားသင့်ကြောင်း၊ အမေရိကန်၏ တစ်ဖက်သတ် ကုန်သွယ်ရေး ဖိအားပေးမှု သုံးလကျော် ကြာပြီဖြစ်သော်လည်း ဗြိတိန်၊ ဗီယက်နမ် စသည့် နှစ်နိုင်ငံနှင့်သာ သဘောတူညီချက်ရရှိသေးကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပြုထားသော နှစ်နိုင်ငံကုန်သွယ်မှုသဘောတူညီချက် (BTA) အတွက် နောက်ထပ်ဆွေးနွေးမှုများ ဆောင်ရွက်ရန် အိန္ဒိယ ကုန်သွယ်ရေးညှိနှိုင်းမှုအဖွဲ့သည်  ဝါရှင်တန်သို့ သွားရောက်မည်ဖြစ်ပါသည်။

အိန္ဒိယအနေဖြင့် စိုက်ပျိုးရေးကဲ့သို့သော အဓိကကဏ္ဍများကို အပေးအယူလုပ်ခြင်းထက် နေမြဲအတိုင်း နေသင့်ကြောင်း၊ ဖိအားအောက်မှ အလျင်စလို သဘောတူညီခြင်းက ပြောင်းပြန်အကျိုးသက်ရောက်မှုများရှိနိုင်ပြီး အဆိုပါသဘောတူညီချက်သည် အမေရိကန်၏ နောက်ထပ်နိုင်ငံရေးအရွေ့တွင် ဆက်လက်ရှင်သန်နိုင်မည်မဟုတ်ကြောင်း Srivastavaက ပြောကြားခဲ့ပါသည်။

ရင်းမြစ်။        https://economictimes.indiatimes.com/news/economy/foreign-trade/