အမေရိကန်ဒေါ်လာ ၆ ဘီလီယံခန့် မမှန်မကန် ဆန်ကုန်သွယ်မှုကို အင်ဒိုနီးရှားတွင် ဖော်ထုတ်ခဲ့

 

အင်ဒိုနီးရှားစိုက်ပျိုးရေးဝန်ကြီးဌာန၏ မကြာသေးမီက စုံစမ်းခဲ့မှုအရ ဆန်ရောင်းဝယ်မှုတွင် အရည်အသွေးနှင့် ဈေးနှုန်း မသမာမှုများကြောင့် စားသုံးသူများသည် အင်ဒိုနီးရှားရူပီး ၉၉.၃၅ ထရီလီယံ (အမေရိကန်ဒေါ်လာ ၆ ဘီလီယံဝန်းကျင်) ခန့်နစ်နာခဲ့ကြောင်း ထုတ်ဖော်ခဲ့သည်။

အင်ဒိုနီးရှားတွင် ဆန်ထုတ်လုပ်မှု ကျဆင်းနေသော်လည်း လက်ရှိဆန်ထုတ်လုပ်မှုပမာဏသည် ၅၇ နှစ် အတွင်း အမြင့်ဆုံးဖြစ်နေခြင်းနှင့် နိုင်ငံအရန်ဆန်ပမာဏ စုစုပေါင်းတန်ချိန် ၄.၁၅ သန်းရှိကြောင်း တွေ့ရှိရာမှ သံသယစတင်ခဲ့ကြောင်း၊ စိုက်ပျိုးရေးဝန်ကြီးဌာနသည် အမျိုးသားစားနပ်ရိက္ခာအေဂျင်စီ၊ စားနပ်ရိက္ခာလုပ်ငန်းအဖွဲ့၊ ရှေ့နေချုပ်ရုံးနှင့် ပြည်သူ့ ရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ ပြည်နယ် ၁၀ ခုမှ နမူနာများကောက်ယူ၍ အရည်အသွေး၊ အလေးချိန်နှင့် အမြင့်ဆုံး ဈေးနှုန်းသတ်မှတ်ချက်များနှင့် ကိုက်ညီခြင်း ရှိ/မရှိ ကိုစစ်ဆေးခဲ့ရာ အလေးချိန်နှင့် စျေးနှုန်းတွင် များစွာချိုးဖောက်ထားသည်ကို တွေ့ရှိခဲ့ကြောင်း အင်ဒိုနီးရှား လယ်ယာဝန်ကြီးက ပြောကြားခဲ့သည်။ 

ထိပ်တန်းဆန်နမူနာ ၁၃၆ ခုတွင် ၈၅.၆ % သည် အရည်အသွေးမပြည့်မီခြင်း၊ ၅၉.၈ % သည် အမြင့်ဆုံး လက်လီစျေးနှုန်းကို ကျော်လွန်ခြင်း၊ ၂၁.၇ % သည် အလေးချိန် မပြည့်ခြင်းတို့ တွေ့ရှိခဲ့ကြောင်း၊ အလယ်အလတ်အဆင့် ဆန်တံဆိပ် ၇၆ ခုတွင် ၈၈.၂ % သည် အရည်အသွေးမပြည့်မီခြင်း၊ ၉၅.၁ % သည် အမြင့်ဆုံး လက်လီဈေးကို ချိုးဖောက်ခြင်း၊ ၉.၄ % သည် အလေးချိန်မပြည့်ခြင်းတို့ တွေ့ရှိခဲ့ကြောင်း၊ အဆိုပါ ပြည်နယ် ၁၀ ခုရှိ ဓာတ်ခွဲခန်း ၁၃ ခုတွင် အဓိကဒေသများရှိ ဆန်ဈေးကွက်များအပါအဝင် နေရာ ၂၆၈ ခုမှ နမူနာများကို စမ်းသပ်ခဲ့ခြင်းဖြစ်ပါသည်။

လယ်ယာ၀န်ကြီးက စီးပွားရေးလုပ်ငန်းများအား ၎င်းတို့ဆောင်ရွက်သည့် နည်းလမ်းများကို ၁၄ ရက် အတွင်း တင်ပြရန်နှင့် ဥပဒေများနှင့် ကိုက်ညီမှုမရှိပါက တင်းကျပ်စွာ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတိပေးခဲ့ပြီး စီးပွားရေးလုပ်ငန်းများအနေဖြင့် မှန်ကန်စွာဆောင်ရွက်ရန်၊ စျေးနှုန်းမတင်ရန်၊ ထုတ်ကုန်တံဆိပ်တပ်ခြင်းကို ပြန်လည်စိစစ်ရန် တိုက်တွန်းခဲ့ပါသည်။

ရင်းမြစ်။        https://en.vietnamplus.vn/indonesia-uncover