အမေရိကန်နှင့် ကုန်သွယ်ရေး ပွတ်တိုက်မှုကြားမှ ပိုမိုကောင်းမွန်သော ကံကြမ္မာကို ပြောင်းလဲလိုသည့် တရုတ်

 

တရုတ်နိုင်ငံသည် အမေရိကန်နှင့် ကုန်သွယ်ရေးအငြင်းပွားနေခြင်းထက် ဖွံ့ဖြိုးဆဲနိုင်ငံများအပါအဝင် ထိပ်တိုက်အငြင်းမပွားသော မိတ်ဖက်များနှင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်နိုင်ရန် ပြန်လည်ကြိုးပမ်းနေပြီဖြစ်သည်။

အမေရိကန်နှင့် အကောက်ခွန်စစ်ပွဲကြောင့် ဆုံးရှုံးမှုများကို လျော့ပါးသက်သာစေရန် တရုတ်သည် စျေးကွက်အသစ်များနှင့် ပို့ကုန်အခွင့်အလမ်းအားလုံးကို ရှာဖွေနေပြီး အရှေ့တောင်အာရှ၊ အာရှတိုက်အလယ်ပိုင်း၊ ပင်လယ်ကွေ့ဒေသ၊ အာဖရိက၊ ဩစတေးလျ၊ နယူးဇီလန်နှင့် လက်တင်အမေရိကတို့နှင့်လည်း တိုးမြှင့်ချိတ်ဆက်လျက်ရှိပါသည်။ တရုတ်သည် ထိပ်သီးအစည်းအဝေးများ၊ ဖိုရမ်များနှင့် ကုန်စည်ပြပွဲများတွင် သိသာစွာပါဝင်ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုအခွင့်အလမ်းများကို ဆွဲဆောင်နိုင်ရန် ကြိုးပမ်းနေပါသည်။

တရုတ်က ဒေသတွင်း ထိတွေ့ဆက်ဆံမှု ပိုမိုအားကောင်းစေရန် အိမ်နီးချင်းများနှင့် အလုပ်သဘော ညီလာခံ၊ ဟိုင်နန် လွတ်လပ်သော ကုန်သွယ်မှုဇုန် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆွေးနွေးပွဲ၊ တရုတ် အာဆီယံ မီဒီယာဖိုရမ်၊ တရုတ် လက်တင်အမေရိကနှင့် ကာရေဘီယံနိုင်ငံများ ဝန်ကြီးအဆင့်ဖိုရမ်၊ တရုတ်-အာဖရိက စီးပွားရေးနှင့် ကုန်သွယ်မှုကုန်စည်ပြပွဲတို့ကို ကျင်းပခဲ့ပါသည်။ 

ပြီးခဲ့သည့်လက အာဆီယံထိပ်သီးအစည်းအဝေး (ကွာလာလမ်ပူ)၊ ဒေသတွင်းဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့(RCEP) ၏ ပြည်နယ်အစိုးရဖိုရမ်နှင့် အာဆီယံပလက်ဖောင်းများမှတစ်ဆင့် ပင်လယ်ကွေ့နိုင်ငံများသို့ ဆက်သွယ်မှုကလည်း တရုတ်၏ လမ်းကြောင်းသစ်ကို ဖော်ပြခဲ့ပါသည်။ ထို့ကြောင့် တရုတ်နှင့် အာဆီယံ၏ ကုန်သွယ်မှုသည် မကြာသေးမီနှစ်များအတွင်း အမေရိကန်နှင့် ကုန်သွယ်မှုထက် သာလွန်နေပြီဖြစ်သည်။ အာရှဖွံ့ဖြိုးရေးဘဏ်အဆိုအရ RCEP ၏ နှစ်စဉ်၀င်ငွေသည် ၂၀၃၀ ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာ ဘီလီယံ ၂၄၀ ကျော်မည်ဖြစ်ကြောင်း ခန့်မှန်းထားပါသည်။  တရုတ်က အာဆီယံ၏ ဒေသတွင်းကိစ္စရပ်များတွင် ကြားနေမှုနှင့် ဗဟိုချုပ်ကိုင်မှုကို နှစ်သက်ကြောင်း ဖော်ပြထားပြီး အရှေ့တောင်အာရှရှိ ဆိပ်ကမ်းများ၊ နည်းပညာအခြေခံအဆောက်အအုံများ၊ လျှပ်ကူးပစ္စည်း နှင့် သန့်ရှင်းသော စွမ်းအင်ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများက ၎င်း၏ အပြောင်းအလဲကို ထင်ဟပ်စေပါသည်။

ယခုအရွှေ့သည်  တရုတ်ဦးဆောင်မှု၏ အရေးကြီးမှုတစ်ခုတည်းမဟုတ်ပဲ ဖွံ့ဖြိုးဆဲဒေသများအတွက် အခွင့်အရေးနှင့် ပြိုင်ဘက် စူပါပါဝါအား ဟန်ချက်ညီစေခြင်းစသည့် ဘက်စုံအကျိုးအမြတ်များ ရရှိစေပါသည်။ တရုတ်၏ လက်တင်အမေရိကနိုင်ငံများနှင့် တိုးမြှင့်ဆက်ဆံခြင်း၊ အာဖရိက၊ အာဆီယံ စသည့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့များနှင့် ပေါင်းစည်းခြင်းတို့သည် ကမ္ဘာ့ကုန်သွယ်ရေး စီးကြောင်း ပုံဖော်ရာတွင် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အခန်းကဏ္ဍကို ပြသလိုက်ခြင်းဖြစ်ပါသည်။

အမေရိကန်က အကောက်ခွန်အသစ်များ စည်းကြပ်ခြင်း၊ ချစ်ပ်နည်းပညာ တားမြစ်ခြင်းနှင့် ရှားပါး မြေသွင်းကုန် ကန့်သတ်ခြင်းများ ဆောင်ရွက်ထားသော်လည်း တရုတ်သည် နှစ်ဖက်အပြန်အလှန် အကျိုးရှိစေမည့် မိတ်ဖက်များနှင့် ပိုမိုအာရုံစိုက်ကာ စွန့်စားရမှုများကို မျှတစွာစီမံခန့်ခွဲနေပါသည်။

တရုတ်၏ အရွှေ့သည် မလေးရှားအတွက် အခွင့်အလမ်းနှင့် တာဝန် နှစ်မျိုးလုံး ဖြစ်ပေါ်စေပါသည်။ မလေးရှား၏ ဗျူဟာမြောက်တည်နေရာ၊ မတူကွဲပြားသော စီးပွားရေးနှင့် ခိုင်မာသော ကုန်သွယ်မှု ခြေခံအဆောက်အအုံများကြောင့် တရုတ်၏ ရွှေ့ပြောင်းလာသော ရင်းနှီးမြှုပ်နှံမှုများနှင့် ထောက်ပံ့ရေး ကွင်းဆက်ပြောင်းလဲမှုများမှ အကျိုးအမြတ်ရရှိမည်ဖြစ်ပါသည်။

အာဆီယံဥက္ကဋ္ဌဖြစ်သော မလေးရှားသည ဒေသတွင်း စည်းလုံးညီညွတ်မှုနှင့် ပွင့်လင်းမြင်သာမှုကို မြှင့်တင်ရန် တာဝန်ရှိသလို ကုန်ထုတ်လုပ်မှုနှင့် နည်းပညာဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုဆွဲဆောင်နိုင် ပါသည်။ သို့သော် အမေရိကန် - တရုတ် ကုန်သွယ်ရေးတင်းမာမှုက ဒေသတွင်းတည်ငြိမ်မှုနှင့် ကမ္ဘာ့ ကုန်သွယ်စီးဆင်းမှုကို အန္တရာယ်ဖြစ်စေဆဲဖြစ်သည်။

တရုတ်နှင့် အမေရိကန်အကြား အကောက်ခွန်အသစ်များအား ရက် ၉၀ ကြာ ဆိုင်းငံ့ထားရေး မေလ ၁၂ ရက်နေ့က သဘောတူညီခဲ့ပြီး နှစ်ဖက်သမ္မတများ၏ ဇွန်လ  ရက်နေ့ အပြုသဘောဖုန်းခေါ်ဆိုမှု အပြီးတွင် မြင့်တက်နေသော စျေးကွက်တင်းမာမှုများ ယာယီသက်သာခဲ့ပါသည်။ 

လေ့လာသုံးသပ်သူများက ကုန်သွယ်မှုခေတ္တရပ်ဆိုင်းနေကြောင်းနှင့် တရုတ်သည် win-win မူဝါဒအရ အာဆီယံ၊ RCEP နှင့် အခြားဖွံ့ဖြိုးဆဲနိုင်ငံများကို မပျက်မကွက် ဆက်သွယ်နေမည်ဖြစ်ကြောင်း၊ ယခုအခိုက်အတန့်သည် မလေးရှားအတွက် ကုန်သွယ်မှုအပြောင်းအရွှေ့များမှ အကျိုးအမြတ်ရရှိစေရုံသာမက ပိုမိုမျှတပြီး ပါဝင်နိုင်သော ဒေသတွင်းကို ပုံဖော်ရာတွင်လည်း အထောက်အကူဖြစ်စေရန် မဟာဗျူဟာမြောက် လမ်းစဖြစ်ကြောင်း မလေးရှားသတင်းစာ Bernama တွင် ဖော်ပြထားပါသည်။

ရင်းမြစ်။         Bernama