တရုတ်နိုင်ငံနှင့် ဉာဏပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ အငြင်းပွားမှုတွင် ဥရောပသမဂ္ဂ၏ တောင်းဆိုချက်ကို WTO ပယ်ချ

 

တရုတ်နိုင်ငံသည် ဉာဏပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ခဲ့သည်ဟူသော ဥရောပသမဂ္ဂ၏ စွပ်စွဲချက်ကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ခုံသမာဓိအဖွဲ့က ပြီးခဲ့သည့် ကြာသပတေးနေ့က ပယ်ချလိုက်သည်။ ခုံသမာဓိအဖွဲ့က ဥရောပသမဂ္ဂအနေဖြင့် တရုတ်နိုင်ငံ၏ ဉာဏပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ စည်းမျဉ်းများနှင့် မကိုက်ညီမှုကို သက်သေမပြနိုင်ကြောင်းနှင့် တရုတ်နိုင်ငံအနေဖြင့်လည်း WTO ၏ ပွင့်လင်းမြင်သာမှုဆိုင်ရာ လိုက်နာရန် ပျက်ကွက်ခဲ့ကြောင်း မှတ်ချက်ပြုခဲ့သည်။

ဥရောပသမဂ္ဂက တရုတ်တရားရုံးများသည် ဥရောပကုမ္ပဏီများ၏ 3G, 4G နှင့် 5G မိုဘိုင်းနည်းပညာ မူပိုင်ခွင့်များ ကာကွယ်ခွင့်နှင့်စပ်လျဉ်း၍ တားဆီးနေပြီး ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ဉာဏပစ္စည်းမူပိုင်ခွင့် သဘောတူညီချက်ကို ချိုးဖောက်သည်ဟူသော စွပ်စွဲချက်ဖြင့် ၂၀၂၂ ခုနှစ်က တိုင်ကြားခဲ့သည်။

ဥရောပသမဂ္ဂက တရုတ်သည် မိုဘိုင်းနည်းပညာ မူပိုင်ခွင့်များနှင့် အလားတူကိစ္စရပ်များအား နိုင်ငံခြား တရားရုံးများတွင် တရားစွဲဆိုခြင်း မပြုနိုင်အောင် တရားဝင်ထုတ်ပြန်မထားသည့် အမိန့်ကြေညာချက်များဖြင့် ထိန်းကျောင်းနေကြောင်းကို ခုံသမာဓိအဖွဲ့အားအောင်မြင်စွာသက်သေပြနိုင်ခဲ့သည်။ သို့သော် အဆိုပါမူဝါဒသည် WTO ၏ ဉာဏပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ သဘောတူညီချက်၏ မည်သည့်ပုဒ်မကို ချိုးဖောက်ကြောင်း ဥရောပသမဂ္ဂက သက်သေမပြနိုင်ခဲ့ပေ။ ခုံသမာဓိအဖွဲ့အနေဖြင့်လည်း တရုတ်၏ မူဝါဒကျင့်သုံးမှုတွင် ခွဲခြားဆက်ခံခြင်း သို့မဟုတ် တပြေးညီဖြစ်ခြင်းတို့ မတွေ့ရှိခဲ့ပါ။ 

သို့သော် တရုတ်သည် 3G၊ 4G နှင့် 5G မိုဘိုင်းနည်းပညာ မူပိုင်ခွင့်များ ပိုင်ဆိုင်သည့် အမေရိကန် အခြေစိုက်ကုမ္ပဏီတစ်ခုနှင့် ၎င်း၏စမတ်ဖုန်းထုတ်လုပ်သူတို့အကြား နောက်ဆုံးတရားရုံးဆုံးဖြတ်ချက်ကို ထုတ်ပြန်ခဲ့သဖြင့် ပွင့်လင်းမြင်သာမှုဆိုင်ရာ တာဝန်ဝတ္တရားများကို ချိုးဖောက်ခဲ့ကြောင်း ဂျီနီဗာ အခြေစိုက် ကုန်သွယ်မှုသတင်း ရင်းမြစ်တစ်ခုက Reuters သို့ အတည်ပြုပြောကြားခဲ့သည်။ ခုံသမာဓိအဖွဲ့ကလည်း တရုတ်အနေဖြင့် အီးယူ၏ မေးခွန်းအချို့အား ဖြေကြားပေးခဲ့သင့်ကြောင်း ပြောကြားခဲ့သည်။

ခုံသမာဓိအဖွဲ့၏ တွေ့ရှိချက်များကို ဖေဖော်ဝါရီလတွင် တရုတ်နှင့် ဥရောပသမဂ္ဂတို့အား အသိပေးထားသော်လည်း ယခုအချိန်အထိ အများပြည်သူသိရှိစေရန် ထုတ်ပြန်ခြင်းမရှိသေးပေ။ ဥရောပသမဂ္ဂ (EU) ကမူ Multi-Party Appeal Arbitration Arrangement (MPIA) သို့ အယူခံတင်သွင်းမည်ဟု ကြေညာထားပြီး တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနကလည်း ဥရောပသမဂ္ဂ၏ အယူခံလွှာကို လက်ခံရရှိကြောင်းနှင့် သက်ဆိုင်ရာစည်းမျဉ်းများနှင့်အညီ ကိုင်တွယ်ဖြေရှင်းသွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် စည်းမျဉ်းအခြေခံနိုင်ငံစုံကုန်သွယ်မှုစနစ်ကို ထောက်ခံကြောင်းနှင့် အနုညာတ စီမံခန့်ခွဲမှုဖြင့်လည်း အခြားအဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရင်းမြစ်https://www.reuters.com/sustainability/wto-rejects-eu-claims-intellectual-property-dispute-with-china-2025-04-24/