၂၀၂၅ ခုနှစ်တွင် အင်ဒိုနီးရှားက ဆန်တင်သွင်းခြင်းမပြုလျှင် ဆန်ဈေးကွက်အပေါ် အကျိုးသက်ရောက်မှု
အင်ဒိုနီးရှားအမျိုးသားစားနပ်ရိက္ခာအေဂျင်စီက ပြည်တွင်းဆန်အရန်ဆန် လုံလောက်နေသောကြောင့် ၂၀၂၅ ခုနှစ်တွင် စီစဉ်ထားသည့်အတိုင်း ဆန်၊ ပြောင်း၊ သကြားနှင့် ဆားတို့ကို ဆက်လက်တင်သွင်းမည် မဟုတ်ကြောင်း၊ လာမည့်နှစ်တွင်လည်း တောင်သူများထံမှ ဝယ်ယူမည့် အရန်ဆန်တန်ချိန်ကို ၂.၅ သန်းထိ တိုးမြှင့်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့ရာ ဆန်ဈေးကွက်အပေါ် အလားအလာများကို ဗီယက်နမ်စက်မှုနှင့် ကုန်သည်များအသင်း (VCCI) က သုံးသပ်ထားပါသည်။
လက်လီရောင်းချသူများ အပါအဝင် အင်ဒိုနီးရှား၏ အရန်ဆန်သည် ယခုနှစ်ကုန်တွင် တန်ချိန် ၈ သန်း ထိရှိမည်ဟု ခန့်မှန်းထားပြီး အင်ဒိုနီးရှား ဗဟိုစာရင်းအင်းဌာန(BSP) ၏ အချက်အလက်များအရ ၂၀၂၄ ခုနှစ်တွင် ပြည်တွင်းဆန်ထုတ်လုပ်မှုသည် ၂၀၂၃ ခုနှစ်က စံချိန်တင်ထုတ်လုပ်မှု တန်ချိန် ၃၁.၁ သန်းထက် ၂.၄၃ % ကျဆင်းခဲ့ကာ တန်ချိန် ၃၀.၃၄ သန်း ရှိကြောင်း၊ ကမ္ဘာနှင့်အဝှမ်း စိန်ခေါ်မှုများနှင့် ပြည်တွင်းလူဦးရေ တိုးပွားလာမှုကြောင့် ဝယ်လိုအားတက်နေချိန်တွင် အစိုးရက စားနပ်ရိက္ခာ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် စပါးစိုက်ပျိုးမြေ ဟက်တာ ၃ သန်း တိုးချဲ့မည်ဖြစ်ပါသည်။
အရှေ့တောင်အာရှတွင် လူဦးရေနှင့် ဆန်တင်သွင်းမှု အများဆုံးဖြစ်သည့် အင်ဒိုနီးရှားက ၂၀၂၅ ခုနှစ် တွင် ဆန်တင်သွင်းမှုကို ရပ်တန့်မည်ဆိုပါက နိုင်ငံတကာဈေးကွက်တွင် ဝယ်လိုအားများစွာ ကျဆင်းသွားမည်ဖြစ်သည်။ အင်ဒိုနီးရှား ဗဟိုစာရင်းအင်း အေဂျင်စီ (BSP) ၏ အဆိုအရ ၂၀၂၄ ခုနှစ်၊ ပထမ ၁၁ လအတွင်း အင်ဒိုနီးရှားသည် ဆန်တန်ချိန် ၃.၈၅ သန်း (ထိုင်းနိုင်ငံမှ တန်ချိန် ၁.၁၉ သန်း၊ ဗီယက်နမ်နိုင်ငံမှ တန်ချိန် ၁.၁၂ သန်း နှင့် မြန်မာနိုင်ငံမှ တန်ချိန် ၀.၆၄၂သန်း) တင်သွင်းခဲ့ပြီး ယခင်နှစ် အလားတူကာလထက် ၆၂ % တိုးတက်ခဲ့ခြင်းဖြစ်ပါသည်။
အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ ဗီယက်နမ်စီးပွားရေးသံမှူး မစ္စတာ Pham The Cuong က ၂၀၂၄ ခုနှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၁၆ ဘီလီယံ နှင့် ဗီယက်နမ်ပို့ကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၆ ဘီလီယံကျော်ဖြင့် ၄ နှစ်အတွင်း အမြင့်ဆုံးပမာဏသို့ ရောက်ရှိခဲ့ကြောင်း၊ ဆန်စပါးသည် ပို့ကုန်တန်ဖိုး အများဆုံးဖြစ်ကြောင်း၊ အင်ဒိုနီးရှားဈေးကွက်သို့ ဗီယက်နမ် ဆန်တင်ပို့မှုသည် တန်ချိန် ၁၁၂၀၃၃၉ ဖြင့် ၆.၂ % တိုးတက်ခဲ့ပြီး တန်ဖိုးမှာ ၁၀.၄ % တိုးတက်ခဲ့ကာ အမေရိကန်ဒေါ်လာ ၆၇၉ သန်းရှိခဲ့ကြောင်း အင်ဒိုနီးရှားသည် ဗီယက်နမ်၏ ဒုတိယအကြီးဆုံး ဆန်ဈေးကွက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆန်ဈေးကွက်အလားအလာ
၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ မဲခေါင်မြစ်ဝှမ်းဒေသတွင် ဆန်အရောင်းအဝယ်မရှိပဲ ဆန်နှင့် ဆန်ထွက်ကုန်များ၊ ကောက်ပဲသီးနှံဈေးနှုန်းများ အနည်းငယ် အတက်ပြနေပါသည်။ ဗီယက်နမ် စားသောက်ကုန်အသင်းအဆိုအရ ၅ % စံချိန် ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၈၁၊ ၂၅% ဆန်ကွဲ ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၅၄ နှင့် ၁၀၀ % ဆန်ကွဲ ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၈၃ ဈေးပေါက်ကြောင်း၊ ဗီယက်နမ်၏ ၂၀၂၄ ခုနှစ် ဆန်တင်ပို့မှုသည် ပထမဆုံးအကြိမ် တန်ချိန် ၉ သန်းနှင့် တန်ဖိုးအမေရိကန်ဒေါ်လာ ၅.၈ ဘီလီယံရရှိခဲ့သဖြင့် အမြင့်ဆုံးဖြစ်ခဲ့ကြောင်း၊ စီး ပွားရေးလုပ်ငန်းများကလည်း ၂၀၂၅ ခုနှစ်အတွက် ဆန်အရောင်းအဝယ် စာချုပ်များကို ချုပ်ဆိုခဲ့ကြကြောင်း၊ သို့သော် ဗီယက်နမ်ကုန်စည်ဒိုင် အဆိုအရ ၂၀၂၅ ခုနှစ်တွင် ကမ္ဘာပေါ်တွင် ဆန်ပေါများ လာမည်ဖြစ်၍ ဗီယက်နမ်အပါအဝင် နိုင်ငံအများအပြား၏ ဆန်တင်ပို့မှုသည် ၂၀၂၄ ခုနှစ်ထက် စိန်ခေါ်မှုများ ပိုမိုကြုံတွေ့နိုင်ကြောင်း၊ ကမ္ဘာ့ဆန်တင်ပို့သည့် နိုင်ငံအများစုက စားနပ်ရိက္ခာထောက်ပံ့မှု တိုးမြင့်လာစေရန် ကြိုးပမ်းနေကြသည့်အပြင် အိန္ဒိယကလည်း ဆန်ရောင်းချမှုကို ပြန်လည်ဖွင့်လှစ်လိုက်သည့်အတွက် ပျမ်းမျှ ဆန်ပို့ကုန်ဈေးနှုန်း ကျဆင်းသွားနိုင်ကြောင်း၊ သို့သော် ဈေးကွက်လိုအပ်ချက်အလိုက် အရည်အသွေးမြင့် ဆန်တင်ပို့မည်ဆိုပါက ဗီယက်နမ်ဆန်အတွက် အခွင့်အလမ်းများ ရှိနေသေးကြောင်း သုံးသပ်ထားပါသည်။
လက်ရှိတွင် ဗီယက်နမ်ဆန် ပို့ကုန်စျေးနှုန်းသည် ထိုင်းဆန်ပို့ကုန်ဈေးထက် တစ်တန်လျှင် ၃၉ ဒေါ်လာ ကျဆင်းနေကြောင်း၊ ပို့ကုန်လုပ်ငန်းရှင်များက စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနနှင့် ဒေသတောင်သူများ ပူးပေါင်းအကောင်အထည်ဖော်မည့် အရည်အသွေးမြင့် စပါးစိုက်ဧရိယာ ဟက်တာ ၁ သန်း စီမံကိန်းကို အရှိန်အဟုန်မြှင့် အကောင်အထည်ဖော်ရန် မျှော်လင့်ထားကြောင်းသိရသည်။ ယင်းသို့ဆောင်ရွက်နိုင်ပါက အီးယူ၊ ဂျပန်၊ တရုတ်နှင့် အရှေ့အလယ်ပိုင်း စသည့် အရည်အသွေးမြင့်ဆန် ဝယ်ယူသော စျေးကွက်များကို ဝင်ရောက်နိုင်မည်ဖြစ်ကြောင်း၊ အရည်အသွေး မြင့်ဆန်သည် ဗီယက်နမ်အနေအထားကို ခိုင်မာစေရုံသာမက စားသောက်ကုန် သိုလှောင်မှုကြောင့် ဖြစ်ပေါ်လာသည့် ဈေးကွက်ဖိအားကို လျှော့ချပေးကာ ကြိုက်ဈေးညှိနှိုင်းနိုင်ကြောင်း ဗီယက်နမ်စက်မှုနှင့် ကုန်သည်များအသင်း (VCCI) က သုံးသပ်ထားပါသည်။
Source-https://wtocenter.vn/market