ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ E - Commerce လုပ်ငန်းအစီအစဉ်က ဒီဂျစ်တယ်ကွာဟချက်များကို ဖြည့်ဆည်းပေးနိုင်ရေး အလေးပေးညှိနှိုင်း

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် E-Commerce လုပ်ငန်းအစီအစဉ် အစည်းအဝေးတွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ အဖွဲ့ဝင်နိုင်ငံများအကြား ဒီဂျစ်တယ်ကွာဟချက်များ၊ အထူးသဖြင့် ဒီဂျစ်တယ်အခြေခံအဆောက်အအုံ၊ အင်တာနက်ဆက်သွယ်မှုနှင့် ရရှိမှုတို့နှင့်စပ်လျဉ်း၍ ဖြည့်ဆည်းဆောင်ရွက်နိုင်ရေး လိုအပ်ချက်များကို ဆွေးနွေးခဲ့ကြပြီး E-Commerce ကဏ္ဍဖွံ့ဖြိုးတိုးရေး ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ အခန်းကဏ္ဍကို ထည့်သွင်းစဉ်းစားလျက် နိုင်ငံအလိုက် E-Commerce ဆောင်ရွက်ချက်များကို တင်ပြခဲ့ကြပါသည်။

အစည်းအဝေးတွင် ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ ကြုံတွေ့နေရသည့် စိန်ခေါ်မှုများဖြစ်သည့် ကြိုးမဲ့အင်တာနက်ချိတ်ဆက်မှုများ အကန့်အသတ်ရှိမှု၊ ဒီဂျစ်တယ်နည်းပညာ ကျွမ်းကျင်မှုဆိုင်ရာ ကွာဟချက်များနှင့် ဥပဒေပြဋ္ဌာန်းချက်များ ခေတ်မီမှုမရှိခြင်းတို့ကိုလည်း ဆွေးနွေးခဲ့ပြီး အဓိကအချက်များကို အောက်ပါအတိုင်း ကောက်နုတ်တင်ပြအပ်ပါသည်-

(က)   ဒီဂျစ်တယ် အခြေခံအဆောက်အအုံနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်းတို့တွင် ပိုမိုရင်းနှီးမြှုပ်နှံရန်၊

( ခ )   E-Commerce  ဆိုင်ရာ စည်းမျဉ်းမူဘောင်များ ပြဋ္ဌာန်းပေးရန်၊

( ဂ )   E-Commerce နည်းလမ်းဖြင့် အရောင်းအဝယ်များပြုလုပ်ရာတွင် ခိုင်မာသော သတင်းအချက်အလက်နည်းပညာ (ICT) နှင့် ငွေပေးချေမှု 

          စနစ်များ ထားရှိရန်

(ဃ)  နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုနှင့် ဒီဂျစ်တယ် ဆက်သွယ်ဆောင်ရွက်မှုတို့ အဆင်ပြေချောမွေ့စေရေး ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ သတင်းအချက်

        အလက်နည်းပညာဆိုင်ရာ သဘောတူညီချက်နှင့် E-Commerce အပေါ် အကောက်ခွန်စည်းကြပ်မှုများ ယာယီဆိုင်းငံ့ ခြင်းကဲ့သို့သော ဒီဂျစ်

         တယ်စည်းမျဉ်းများ၏ အရေးပါမှုကို သိရှိရန်၊

( င )  အဖွဲ့ဝင်နိုင်ငံများနှင့် ပြင်ပအဖွဲ့များအကြား E - Commerce ဆွေးနွေးညှိနှိုင်းမှုများနှင့် ပူးပေါင်းဆောင်ရွက်များပြုလုပ်ရာတွင် ကမ္ဘာ့ကုန်

        သွယ်ရေးအဖွဲ့သည် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ အထောက်အပံ့များ ရရှိစေ

        ရန် matchmaking sessions များ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ ဒေသတွင်း peer to peer အစီအစဉ်များကို ဆောင်ရွက်ပေးရန်၊

( စ ) ကုလသမဂ္ဂကုန်သွယ်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (UN Trade and Development)၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်

        မှုအဖွဲ့အစည်း (Organization for Economic Cooperation and Development- OECD)၊ နိုင်ငံတကာကုန်သွယ်မှုစင်တာ 

       (International Trade Centre-ITC)၊ အပြည်ပြည်ဆိုင်ရာဆက်သွယ်ရေးသမဂ္ဂ (International Telecommunication Union) နှင့် ကမ္ဘာ့

       ဘဏ်အုပ်စု (World Bank) တို့မှ နည်းပညာအကူအညီများနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်းဆိုင်ရာအစီအစဉ်များ ပံ့ပိုးပေးရန်၊

ဆက်လက်၍ ဒီဂျစ်တယ်ကွာဟချက်များ ကျဉ်းမြောင်းစေရေး နိုင်ငံအလိုက် ဆောင်ရွက်မှုများ တင်ပြကြရာတွင် ဒေသတွင်းဒီဂျစ်တယ်စီးပွားရေးနှင့်ပတ်သက်သည့် လေ့လာမှုများ၊ စီးပွားရေးလုပ်ငန်းများ၏ လုပ်ငန်းလည်ပတ်ကုန်ကျစရိတ်များကို လျှော့ချပေးနိုင်မည့် အွန်လိုင်းစနစ်များနှင့် ဒီဂျစ်တယ် စီးပွားရေးဂေဟစနစ်တွင် အားလုံးပါဝင်မှုကို မြှင့်တင်နိုင်မည့် လုပ်ငန်းစဉ်များ၊ ဒီဂျစ်တယ်နည်းပညာ ကျွမ်းကျင်မှုများနှင့် ဒီဂျစ်တယ် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်မှုကို အဓိကထားဆောင်ရွက်မည့် အစီအစဉ်များ၊ အင်တာနက်မရသော နေရာများပါ တိုးမြှင့်ရရှိရေး၊လုံခြုံစိတ်ချရသော အင်တာနက်ရရှိသုံးစွဲနိုင်မှု၊ အင်တာနက်နှင့် မိုဘိုင်းကွန်ရက်များ ပိုမိုကောင်းမွန်လာစေရေးနှင့် အမျိုးသမီးများနှင့် အားနည်းသော အုပ်စုများအတွက် ဒီဂျစ်တယ် နည်းပညာတတ်မြောက်မှုနှင့် ကျွမ်းကျင်မှုများ တိုးတက်စေရေးစသည့်အစီအစဉ်များကို ဆွေးနွေးခဲ့ကြသည်။

E-Commerce လုပ်ငန်းအစီအစဉ်၏ ဦးဆောင်ဆွေးနွေးပေးသူ ဂျမေကာနိုင်ငံဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ် Richard Brown က “ E-Commerce ကဏ္ဍတိုးတက်ရေး အခြေခံကျသော ဒီဂျစ်တယ် အခြေခံအဆောက်အအုံများ ရရှိနိုင်ရန် အရေးကြီးသော်လည်း ခက်ခဲလျက်ရှိသောကြောင့် အခြားအချက်များကို ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း၊ ဖေဖော်ဝါရီလ ၁၇ ရက်တွင် ပြုလုပ်မည့် ဆွေးနွေးပွဲတွင်လည်း စားသုံးသူအကာကွယ်ပေးရေး၊ ကိုယ်ရေးအချက်အလက်များ ကာကွယ်ပေးရေးနှင့် ဆိုက်ဘာလုံခြုံရေးတို့နှင့်ပတ်သက်၍ လိုအပ်သောဥပဒေနှင့် စည်းမျဉ်းစည်းကမ်းမူဘောင်များ ကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

Source: www.wto.org