လုပ်ငန်းခွင်သုံးစီးပွားရေးနှင့်သက်ဆိုင်သည့် အင်္ဂလိပ်စာအသုံးအနှုန်းများနှင့် ရေးသားခြင်းဆိုင်ရာသင်တန်း (အလယ်အလတ်အဆင့်) ဖွင့်လှစ်

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် ဝန်ကြီးဌာနမှနိုင်ငံ့ဝန်ထမ်းများ၏ လုပ်ငန်းခွင်စွမ်းဆောင်ရည် ပိုမိုတိုးတက်လာစေရန်နှင့် ကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရာတွင် ထိရောက်မှုရှိစေရန်တို့အတွက် လုပ်ငန်း ခွင်သုံးစီးပွားရေးဆိုင်ရာ အင်္ဂလိပ်ဝေါဟာရအသုံးအနှုန်းများကို နည်းစနစ်ကျကျသိရှိပြီး ကျွမ်းကျင် စွာ အသုံးချနိုင်ရန်နှင့် လုပ်ငန်းများဆောင်ရွက်ရာ၌ ပိုမိုလွယ်ကူလျင်မြန်စေရန်အတွက် လုပ်ငန်း ခွင်သုံးစီးပွားရေးနှင့်သက်ဆိုင်သည့် အင်္ဂလိပ်စာအသုံးအနှုန်းများနှင့် ရေးသားခြင်းဆိုင်ရာသင်တန်း (အလယ်အလတ်အဆင့်) ကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့မှ မတ်လ ၁၁ ရက်နေ့အတွင်း ရက်သတ္တပတ် (၅) ပတ်ကြာဖွင့်လှစ်ခဲ့ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အောက်ရှိ ဌာနများမှ သင်တန်းသားဦးရေစုစုပေါင်း (၃၅) ဦး တက်ရောက်ခဲ့ပါသည်။
သင်တန်းတွင် Four Skills of English Language ၊ Describing Work ၊ Making Arrangements ၊ Customer Service ၊ Welcoming Visitors ၊ Delegating Tasks တို့ကို သင်ကြားပို့ချခဲ့ပါသည်။
ယခုသင်တန်းကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့မှ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ၏ ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ထောက်ပံ့ပေးနေသောအစီအစဉ် (Enhanced Integrated Framework – EIF) အရ ထောက်ပံ့ပေးသောရန်ပုံငွေအကူအညီဖြင့် ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ခြင်းအစီအစဉ် အောက်မှ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါသည်။ သင်တန်းအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်၊ တားဆီးရေးဆိုင်ရာညွှန်ကြားချက်များနှင့်အညီ စနစ်တကျ ဖွင့်လှစ် သင်ကြားပို့ချခဲ့ပါသည်။