Diagnostic Trade Integration Strategy ရေးဆွဲနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်ရှင်းလင်းခြင်း ဆွေးနွေးပွဲကျင်းပပြုလုပ်

 ​

 ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်စေရေး ဘက်စုံပေါင်းစည်းမှု မဟာဗျုဟာ(Diagnostic Trade Integration Strategy – DTIS) ရေးဆွဲရေး ပြင်ဆင် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်ရှင်းလင်းခြင်း ဆွေးနွေးပွဲတစ်ရပ်ကို ၂၀၂၀ပြည့်နှစ်၊ ဒီဇင်ဘာလ ၄ရက်က ကုန်သွယ်ရေးဦးစီးဌာနမှ ဦးဆောင်၍ Zoom Application ဖြင့် Video Conference ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ ဆွေးနွေးပွဲကို ကုန်သွယ်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကိုကိုလေးက ဦးဆောင်၍ သက်ဆိုင်ရာဝန်ကြီးဌာန အသီးသီးမှ ညွန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများ၊ ညွှန်ကြားရေးမှူးများအပါအဝင် ကိုယ်စားလှယ် (၈၀) ဦးကျော် တက်ရောက်ခဲ့ပါသည်။

မြန်မာနိုင်ငံသည် EIF အစီအစဉ်တွင် အကျိုးခံစားခွင့်ရှိသည့်နိုင်ငံအဖြစ် ၂၀၁၃ ခုနှစ်မှ စတင်၍ ပါဝင်ခဲ့ပြီး EIF အစီအစဉ်၏ ရန်ပုံငွေထောက်ပံ့မှုဖြင့် မြန်မာနိုင်ငံ၏ ပထမအကြိမ် ကုန်သွယ်မှု ဘက်စုံလေ့လာဆန်းစစ်ခြင်း အစီရင်ခံစာ (Diagnostic Trade Integration Study – DTIS) ကို ၂၀၁၅ ခုနှစ်တွင် ပြုလုပ်ခဲ့ပြီး၂၀၁၆ ခုနှစ်တွင် အတည်ပြုထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။

EIF ၏ Guidelines အရ အကျိုးခံစားခွင့်ရှိသည့်နိုင်ငံများက DTIS Update များကို ငါးနှစ်လျှင် တစ်ကြိမ်ပြုလုပ်သွားရန် သတ်မှတ်ထားခြင်းနှင့် ကုန်သွယ်မှုနှင့် ဆက်စပ်ကဏ္ဍများ အပေါ် COVID-19 ၏ သက်ရောက်မှုများကို ဆန်းစစ်ရန်နှင့် ကုန်သွယ်မှုဆိုင်ရာ တန်ပြန် အစီအမံများကို ချမှတ်ရန် လိုအပ်ခြင်းတို့ကြောင့် မြန်မာနိုင်ငံ၏ DTIS Update ကို ၂၀၂၁ ခုနှစ် အတွင်း အပြီးသတ်ပြုလုပ်သွားရမည်ဖြစ်ပါသည်။

DTIS (2015) ပါ Action Matrix များကို အကောင်အထည်ဖော်ပြီးစီးမှု အခြေအနေနှင့် လက်ရှိအခြေအနေအရ အဓိကဦးစားပေးများကို ဖော်ထုတ်နိုင်ရန်၊ ကုန်သွယ်မှုနှင့် ဆက်စပ် မူဝါဒများ အားလုံးကို ဆန်းစစ်လေ့လာမှုများ ပြုလုပ်ရန်၊ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံမှ လွတ်မြောက် ခြင်းအတွက် ကုန်သွယ်ရေးရှုထောင့်မှ ပြင်ဆင်ရန် လိုအပ်သည့်ကိစ္စများအား ဖော်ထုတ်ရန်၊ ကုန်သွယ်မှုအမျိုးအစားများ ကွဲပြားစွာ ဆောင်ရွက်နိုင်ရေးအတွက် ပါဝင်ဆောင်ရွက် ပေးနိုင်သည့် လုပ်ငန်းစဉ်များအား စုစည်းဖော်ထုတ်ရန်နှင့် နိုင်ငံ၏ဖွံ့ဖြိုးမှုဆိုင်ရာ အစီအစဉ်များနှင့် ဖွံ့ဖြိုးမှု အထောက်အပံ့ရှာဖွေမှုဆိုင်ရာ စီမံချက်များပါ ဦးစားပေးများနှင့် ချိတ်ဆက်၍ SDGs များကို အောင်မြင်စွာ ဖော်ဆောင်နိုင်ရေးလုပ်ငန်းစဉ်များ ဖော်ထုတ်သွားရန် ရည်ရွယ်ချက်များဖြင့် ဒုတိယအကြိမ် DTIS Update ပြုလုပ်ခြင်းကို ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်စေရေး ဘက်စုံ ပေါင်းစည်းမှု မဟာဗျူဟာ (Diagnostic Trade Integration Strategy – DTIS) အသွင်ဖြင့် ရေးဆွဲသွားမည်ဖြစ်ပါသည်။

ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်စေရေး ဘက်စုံပေါင်းစည်းမှု မဟာဗျူဟာရေးဆွဲခြင်း (DTIS Update ပြုလုပ်ခြင်း) အတွက် ကြာမြင့်ချိန်မှာ ပုံမှန်အားဖြင့် ၉ လဖြစ်ပြီး ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားမှုကြောင့် Virtual ဖြင့် ဆွေးနွေးမှုများပြုလုပ်ပါက ၁၂ လမှ ၁၅ လ အထိ ကြာမြင့်နိုင် မည်ဖြစ်ပါသည်။ ၎င်းနှင့်ပတ်သက်၍ လက်ရှိတွင် DTIS Update ပြုလုပ်နေသည့် ဘူတန်နိုင်ငံ၏ အတွေ့အကြုံအရ သိရှိရခြင်းဖြစ်ပါသည်။ ထိုကြောင့် ၂၀၂၁ ခုနှစ်မကုန်မီ DTIS Update ပြီးစီးနိုင်ရေးအတွက် ယခု ဒီဇင်ဘာလမှ စတင်၍ လုပ်ငန်းစဉ်များအား စတင်ပြင်ဆင် ပြုလုပ်သွားမည် ဖြစ်ပါသည်။          

အဆိုပါ ဆွေးနွေးပွဲသည် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်စေရေး ဘက်စုံပေါင်းစည်းမှု မဟာဗျူဟာ (Diagnostic Trade Integration Strategy - DTIS) Update အား သတ်မှတ်ကာလအတွင်း ရေးဆွဲနိုင်ရေး အတွက် ပြင်ဆင်လျက်ရှိသည့်လုပ်ငန်းစဉ်များအား အသိပေးမိတ်ဆက်ခြင်းနှင့် အကြံပြုချက်များ တောင်းခံခြင်းတို့ကို ဆောင်ရွက်နိုင်ရန် ရှင်းလင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်ရခြင်းဖြစ်ပါသည်။