ထိုင်းနိုင်ငံက အမေရိကန်ထံမှ ပြောင်းဖူးဝယ်ယူရန် သဘောတူညီချက်အပေါ် ပြည်တွင်းတောင်သူများ ထောက်ပြပြောဆို
ကမ္ဘာ့စိုက်ပျိုးရေးဈေးကွက်အစီရင်ခံစာများအရ ထိုင်းနိုင်ငံသည် စက်တင်ဘာနှင့် အောက်တိုဘာလများအတွက် အမေရိကန်မှ ပြောင်းဖူး ၁ တန်လျှင် အမေရိကန်ဒေါ်လာ ၂၆၇.၄၃ ခန့် (တစ်ကီလိုဂရမ် လျှင် ၉.၈ ဘတ်) ဖြင့် မှာယူထားသည်ကို ထိုင်းကောက်ပဲသီးနှံရောင်းဝယ်ရေးကုမ္ပဏီတစ်ခုကို ကိုးကား လျက် ထိုင်းသတင်းစာ The Nation တွင် ဖော်ပြထားသည်။
ထိုင်း၊ ကောက်ပဲသီးနှံရောင်းဝယ်ရေးအသင်းဥက္ကဌ Terdsak Lapjitrakosol က အဆိုပါဝယ်ယူမှုသည် တိရစ္ဆာန်အစာသုံး ပြည်တွင်းပြောင်းစိုက်တောင်သူများကို ထိခိုက်စေနိုင်သောကြောင့် မှားယွင်းသော ဆုံးဖြတ်ချက်တစ်ခုဖြစ်ကြောင်း၊ ဇူလိုင်လအတွင်း ပြည်တွင်းပြောင်းစက်ရုံပိုင်ရှင်များက စက်ရုံပိတ်တော့ မည်ဟူသော အကြောင်းပြချက်ဖြင့် ပြောင်းဝယ်ယူမှုကို ရပ်တန့်ခဲ့ကြသလို အစိုးရကလည်း ပြည်ပမှ ပြောင်းတင်သွင်းရန် ဆုံးဖြတ်မှုကြောင့် ပြည်တွင်းပြောင်းဈေး ကျဆင်းမည်ကို စိုးရိမ်နေရကြောင်း၊ အစိုးရသည် ယခင်ကတည်းက တောင်သူများ ပြောင်းရောင်းချချိန်တွင် ဈေးနှုန်းမတက်စေရန် ကိုတာ သတ်မှတ်ခြင်းကို ကျင့်သုံးခဲ့သော်လည်း အသင်းအဖွဲ့များက တောင်သူများဆက်လက်ရပ်တည်နိုင်ရန် မျိုးစေ့အပါအဝင် အထောက်အပံ့များပေးခဲ့ကြောင်း၊ ယခုအခါ နွားမွေးသည့်တောင်သူများပင် မရှိတော့ ကြောင်း၊ အစိုးရသည် မျိုးရိုးဗီဇပြုပြင်ထားသော GMO ပြောင်းများကို စိုက်ပျိုးခွင့်မပြုသော်လည်း ပြည်ပမှ GMO ပြောင်း တင်သွင်းခွင့်ပြုထားခြင်းမှာ အငြင်းပွားဖွယ်ကိစ္စရပ်ဖြစ်ကြောင်း၊ ဈေးနှုန်းသက်သာသဖြင့် တင်သွင်းသည်ဟု အကြောင်းပြချက်ပေးပါကလည်း ပြီးခဲ့သည့်နှစ် ပြည်တွင်းပြောင်းရောင်းဈေးသည် တစ်ကီလိုဂရမ်လျှင် ၉.၂ ဘတ်သာ ရှိကြောင်း၊ အရည်အသွေးသတ်မှတ်ချက်မှာလည်း ရှင်းလင်းတိကျ သော စံနှုန်းများမရှိကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ထိုင်း၊ ကောက်ပဲသီးနှံရောင်းဝယ်ရေးအသင်းဥက္ကဌက ပြောင်းစိုက်တောင်သူများသည် ရိတ်သိမ်းစက်များ အသုံးပြုရခြင်းကြောင့် ကုန်ကျစရိတ်ပိုမိုကြီးမားကာ ပြောင်းဖူးအစိုဓာတ်မှာလည်း ၃၀ % အထိ ရှိကြောင်း၊ ထိုင်းတောင်သူများအတွက် ဈေးနှုန်းဖိအားများနှင့် စက်တင်ဘာလမှ အောက်တိုဘာလ အတွင်း ပြောင်းသွင်းကုန်များကြောင့် ဈေးနှုန်းကျဆင်းမှု ပိုမိုဆိုးဝါးလာနိုင်ကြောင်း ပြောကြားခဲ့သည်။
ရင်းမြစ်။ https://www.nationthailand.com/
