နှစ်ပေါင်းသုံးဆယ်နီးပါး ညှိနှိုင်းမှုများအပြီး ဖွံ့ဖြိုးဆဲနိုင်ငံများအကြား ကုန်သွယ်ရေးသဘောတူညီချက် (South–South trade agreement) စတင်အသက်ဝင်ရန် နီးစပ်လာ
ဖွံ့ဖြိုးဆဲနိုင်ငံများအကြား နှစ်ပေါင်း ၃၀ နီးပါး ညှိနှိုင်းခဲ့ရသည့် ဆော်ပိုလိုဆွေးနွေးပွဲ ကုန်သွယ်မှုသက်သာခွင့်သဘောတူစာချုပ် São Paulo Round Protocol of the Global System of Trade Preferences (GSTP) ကို အတည်ပြုလက်မှတ်ရေးထိုးရန် တစ်နိုင်ငံသာကျန်ရှိပြီဖြစ်သည်။
အဆိုပါသဘောတူညီချက်ကို အကောင်အထည်ဖော်ပါက အမေရိကန်ဒေါ်လာ ၂၇ ဘီလီယံ တန်ဖိုးရှိ စီးပွားရေးအကျိုးအမြတ်များနှင့် အဖွဲ့ဝင် ၁၁ နိုင်ငံ၏ ကုန်ပစ္စည်း ၆,၀၀၀ ခန့်အပေါ် သွင်းကုန်ခွန် အနည်းဆုံး ၂၀ % လျှော့ချနိုင်ခြင်း၊ ပို့ကုန်အခွင့်အလမ်းသစ်များ ဖန်တီးနိုင်ခြင်း၊ ဒေသတွင်းနှင့် အဖွဲ့ဝင်နိုင်ငံအချင်းချင်း၏ တန်ဖိုးကွင်းဆက်များ ပိုမိုအားကောင်းစေခြင်းတို့ဖြစ်လာနိုင်ကြောင်း ကုလသမဂ္ဂ ကုန်သွယ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအဖွဲ့ (UNCTAD) က ခန့်မှန်းထားပါသည်။ နိုင်ငံအများစုအတွက်မူ ကုန်သွယ်ရေးအကျိုးအမြတ်များသာမက စက်မှုဖွံ့ဖြိုးတိုးတက်မှု၊ စီးပွားရေးကဏ္ဍပေါင်းစုံနှင့် နိုင်ငံများ၏ တန်ဖိုးကွင်းဆက်များကို ပိုမိုထောက်ကူပေးနိုင်မည်ဖြစ်ပါသည်။
ယခုအခါ ဖွံ့ဖြိုးဆဲနိုင်ငံများသည် အချင်းချင်းကုန်သွယ်မှုကို ပိုမိုဆောင်ရွက်လာကြရာ သဘောတူညီချက်ပါ အဖွဲ့ဝင်နိုင်ငံများ၏ ဈေးကွက်မှာ အမေရိကန်ဒေါ်လာ ၁၈ ထရီလီယံခန့် (ကမ္ဘာ့ကုန်စည်တင်သွင်းမှု၏ ၅ ပုံ ၁ ပုံ နီးပါး) ပါဝင်နေသဖြင့် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ၏ စီးပွားရေးအရ အရေးပါမှုမြင့်တက်လာခြင်းကို ထင်ဟပ်နေပါသည်။ အဖွဲ့ဝင်နိုင်ငံများက UNCTAD 16 ညီလာခံတွင် သဘောတူညီချက်စတင်အသက်ဝင်ရေးနှင့် အကောင်အထည်ဖော်ရေးကြိုးပမ်းမှုများကို အရှိန်မြှင့်ရန် ကတိပြုခဲ့ကြပါသည်။
အကောင်အထည်ဖော်ရန် ပြင်ဆင်ခြင်း
၂၀၁၀ ပြည့်နှစ်တွင် ပြီးဆုံးခဲ့သော ဆော်ပိုလိုဆွေးနွေးပွဲသဘောတူစာချုပ် (São Paulo Round Protocol) သည် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ GSTP အခွင့်အရေးဆိုင်ရာ တစ်ခုတည်းသော ဒေသတွင်းကုန်သွယ်ရေး သဘောတူညီချက်ဖြစ်ပါသည်။ သဘောတူညီချက် အကောင်အထည်ဖော်နိုင်ရေး UNCTAD က နည်းပညာဆိုင်ရာ အကူအညီများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် လယ်ယာ၊ ငါးဖမ်းလုပ်ငန်းနှင့် အဏ္ဏဝါမွေးမြူရေး စသည့်ကဏ္ဍများရှိ ကုန်သွယ်ရေးအခွင့်အလမ်းများကို ဆန်းစစ်လေ့လာမှုများ ဆောင်ရွက်ပေးခြင်းတို့ဖြင့် ကူညီပေးလျက်ရှိပါသည်။
ပါဝင်သည့် နိုင်ငံများဂျီနီဗာတွင် တွေ့ဆုံမည်
ယခုသဘောတူညီချက်ပါ အဖွဲ့ဝင်နိုင်ငံများသည် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့တွင် ဂျီနီဗာမြို့၌ ကျင်းပမည့် ၃၄ ကြိမ်မြောက် GSTP အဖွဲ့ဝင်နိုင်ငံများ၏ ကော်မတီ (GSTP COP 34) အစည်းအဝေးတွင်တွေ့ဆုံကာ တိုးတက်မှုများကိုသုံးသပ်ခြင်း၊ အကောင်အထည်ဖော်မည့် ဦးစားပေးအစီအစဉ်များအား ဆွေးနွေးခြင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံအချင်းချင်း ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာစေမည့် နည်းလမ်းများကို ရှာဖွေခြင်းတို့ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ဆွေးနွေးမှုများတွင် ဇီဝအခြေခံတန်ဖိုးကွင်းဆက်များ၊ ရင်းနှီးမြှုပ်နှံမှု၊ ဘဏ္ဍာရေး၊ နည်းပညာနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုတို့ကို လွှမ်းခြုံဆွေးနွေးသွားမည်ဟု မျှော်လင့်ရပါသည်။
စာကြွင်း
ဖွံ့ဖြိုးဆဲနိုင်ငံများအကြား ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုသက်သာခွင့်စနစ် (GSTP) ကို ၁၉၈၈ ခုနှစ်တွင် စတင်ခဲ့ပြီး UNCTAD နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ ဦးဆောင်ဆွေးနွေးခဲ့သည့် တစ်ခုတည်းသော ဒေသတွင်းကုန်သွယ်ရေးသဘောတူညီချက် ဖြစ်ပါသည်။
ရင်းမြစ်။ https://unctad.org/
