ပြည်တွင်းဆန်ရောင်းချမှုတိုးမြှင့်ရန်နှင့် ဆန်လက်ကျန်လျော့ကျစေရန် ဆန်တင်သွင်းမှုကို ဆိုင်းငံ့ ထားသည့် ဆီနီဂေါ
ပြည်တွင်းဆန်ရောင်းချမှု တိုးမြှင့်ရန်နှင့် ဆန်စက်များရှိ ဆန်လက်ကျန်လျော့ကျစေရန် ဆန်တင်သွင်းမှုကို ဇူလိုင်လ ၈ ရက်နေ့မှစ၍ ၁ လတာ ဆိုင်းငံ့ထားကြောင်း ဆီနီဂေါ၊ စက်မှုနှင့်ကုန်သွယ်မှုဝန်ကြီးဌာနက ကြေညာခဲ့သည်။
သွင်းကုန်ဆန်က ပြည်တွင်းဆန်ထက် ဈေးနှုန်းချိုသာနေသဖြင့် ပြည်တွင်းဆန်ထုတ်လုပ်သူများ ကြုံတွေ့နေရသော အခက်အခဲများကို တားဆီးရန် ဆန်လုပ်ငန်းရှင်များ တွေ့ဆုံမှုနောက်ပိုင်း ယခုကဲ့သို့ ကြေညာခဲ့ခြင်းဖြစ်သည်။ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလကလည်း အလားတူကျင့်သုံးခဲ့ဖူးပြီး လက်ရှိတွင် ဆန်စက်များ၌ ဆန်လက်ကျန်တန်ချိန် ၃၇,၀၀၀ ခန့်ရှိကြောင်း သိရှိရပါသည်။
ဆန်တင်သွင်းခွင့်လျှောက်ထားသူများသည် အစိုးရက သတ်မှတ်ထားသော ပြည်တွင်းဆန်ပမာဏတစ်ခုကို ကြိုတင်ဝယ်ယူရမည်ဖြစ်ပါသည်။ ဆန် ၁ ကီလိုဂရမ်ကို အမေရိကန်ဒေါ်လာ ၀.၄၉ ရောင်းချရန် အစိုးရကသတ်မှတ်ထားပြီး ဆန်စက်များအား ထုတ်လုပ်မှုအတွက် ထောက်ပံ့ကြေး ဆန် ၁ ကီလိုဂရမ်ကို အမေရိကန်ဒေါ်လာ ၀.၀၉ ပေးအပ်ထားကြောင်းသိရသည်။
ယခုကြေညာချက်မှာ အစိုးရက အနောက်အာဖရိကနိုင်ငံများ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (Economic Community of West African States –ECOWAS) ပလက်ဖောင်းမှတစ်ဆင့် ဆန်စပါး ကဏ္ဍကြီးကြပ်မှုများခိုင်မာစေရန် အစီအစဉ်များကိုကြေညာပြီး လအနည်းငယ်တွင် ထွက်ပေါ်ခဲ့ခြင်း ဖြစ်ပါသည်။ လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနက အဆိုပါပလက်ဖောင်းသည် ဆန်တန်ဖိုးကွင်းဆက်အတွက် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်နိုင်ပြီး ပြည်တွင်းလုပ်ငန်းရှင်များအတွက် ဆန်ဝယ်လိုအားနည်းပါးခြင်းနှင့် ဆန်သွင်းကုန်တိုးမြင့်လာခြင်းကို ကူညီပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆီနီဂေါဈေးကွက်သည် ဈေးနှုန်းပိုမိုချိုသာပြီး ဆန်ချောကာ ထုပ်ပိုးမှုဆိုဒ်စုံရသော သွင်းကုန်ဆန်ကို ပိုမိုနှစ်ခြိုက်ကြသဖြင့် ပြည်တွင်းထုတ်လုပ်သူများမှာ ဆန်လက်ကျန် အများအပြားအတွက် ဖိအားများ ခံစားနေရပါသည်။ အမေရိကန်၊ စိုက်ပျိုးရေးဌာနအဆိုအရ ၂၀၂၆-၂၀၂၇ စိုက်ပျိုးရာသီအတွင်း ဆီနီဂေါသည် ဆန်တန်ချိန် ၆၇၀,၀၀၀ ထုတ်လုပ်ကာ ပြည်တွင်းစားသုံးမှု တန်ချိန် ၂.၃ သန်းရှိကာ ဆန်လိုအပ်ချက် တန်ချိန် ၁.၄ သန်းကို တင်သွင်းခွင့်ပြုမည်ဟု ခန့်မှန်းထားပါသည်။
ရင်းမြစ်။ https://millingmea.com/
