အမေရိကန် - အီရန် ငြိမ်းချမ်းရေးသဘောတူညီမှုရရှိပြီးနောက် ရွှေဈေးမြင့်တက်
အမေရိကန်နှင့်အီရန် တာဝန်ရှိသူများက နှစ်နိုင်ငံအကြားစစ်ပွဲကို အဆုံးသတ်ရန် ကနဦးသဘောတူညီမှု တစ်ရပ်ရရှိခဲ့ကြောင်း ထုတ်ဖော်ပြောကြားပြီးနောက် ကမ္ဘာ့ရွှေဈေးသည် တနင်္လာနေ့တွင် ၂ % ကျော်မြင့်တက်ခဲ့ပြီး ရေနံဈေးကျဆင်းကာ ငွေကြေးဖောင်းပွမှုနှင့် အတိုးနှုန်းမြင့်တက်နိုင်ခြေအပေါ် စိုးရိမ်ပူပန်မှုများ လျော့နည်းလာခဲ့ကြောင်း Reuters သတင်းဌာနက ဖော်ပြထားပါသည်။
ကမ္ဘာ့ရွှေလက်ငင်းဈေးနှုန်း (Spot Gold) သည် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၄,၃၂၂.၈၇ ဖြင့် ၂.၅ % မြင့်တက်ခဲ့ပြီး သြဂုတ်လအတွက် ရွှေကြိုပွိုင့်ဈေးကွက် (US gold futures) တွင် ၂.၅ % တက်ကာ တစ်အောင်စကို အမေရိကန်ဒေါ်လာ ၄,၃၄၄.၈၀ ဖြစ်ခဲ့ကြောင်းသိရှိရပါသည်။
အမေရိကန်ဒေါ်လာဈေးသည် ၁၀ ရက် ဆက်တိုက်ကျဆင်းနေပြီး ရေနံဈေးနှုန်းများမှာမူ ၄ % ကျော် ပြန်လည်ကျဆင်းသွားခဲ့ကြောင်း၊ ယခုလို ကုန်စည် ၂ မျိုးလုံး ဈေးဆက်လက်ကျရေးမှာ ငြိမ်းချမ်းရေးသဘောတူညီချက် မည်မျှကြာရှည်မည်အပေါ် မူတည်နေကြောင်း ဈေးကွက်လေ့လာသူတစ်ဦးက ဆိုသည်။ စစ်ပွဲစတင်ချိန် ဖေဖော်ဝါရီလမှစ၍ ရွှေဈေးသည် ၂၀ % ကျဆင်းခဲ့ပြီး ရေနံဈေးနှုန်း သိသိသာသာတက်ခဲ့ကာ အတိုးနှုန်းနှင့် ငွေကြေးဖောင်းပွမှု မြင့်တက်မည်ဆိုသော စိုးရိမ်စိတ်များ ရှိခဲ့ပါသည်။
ငြိမ်းချမ်းရေးသဘောတူညီမှုရရှိပြီးနောက် လာမည့်ဒီဇင်ဘာတွင် အမေရိကန်၊ ဗဟိုဘဏ်က အတိုးနှုန်း ထပ်မံတိုးမြှင့်မည်ဟူသော မျှော်လင့်ချက်မှာ ၄၈ % သို့ ကျဆင်းသွားကြောင်း၊ ရင်းနှီးမြှုပ်နှံသူများက အတိုးနှုန်းကို လက်ရှိအတိုင်း ဆက်လက်ထားရှိရန် ဗဟိုဘဏ် (Federal Reserve) ၏ ဆုံးဖြတ်ချက်ကို စောင့်ကြည့်နေကြောင်း သိရှိရပါသည်။
ငွေကြေးတန်ဖိုးကျဆင်းမည်ကို စိုးရိမ်ချက်များ၊ ငွေကြေးပိုင်းစွန့်စားရမှုများ၊ ပထဝီနိုင်ငံရေးတင်းမာမှုများက ရွှေကို ရေရှည်အတွက် စုဆောင်းစေကြောင်း၊ ရေနံနှင့်စွမ်းအင်ဈေးနှုန်းကြောင့် တက်နေသည့် ကုန်ဈေးနှုန်းများ ပြန်လည်ကျဆင်းသွားပါက ရွှေဈေးကွက်မှာ ပိုမိုအားကောင်းလာနိုင်ကြောင်း OCBC ဘဏ်၏ စီးပွားရေးသုံးသပ်ချက်တွင် ဖော်ပြထားသည်။
ငွေလက်ငင်းဈေးသည် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၇၀.၃၉ ဖြင့် ၃.၆ % မြင့်တက်ကာ ပလက်တီနမ်ဈေးနှုန်းသည် တစ်အောင်စလျှင်ဒေါ်လာ ၁,၇၇၃.၇၀ ဖြင့် ၃.၃ % မြင့်တက်ခဲ့ကြောင်း၊ ပယ်လာဒီယမ် (palladium) ဈေးနှုန်းသည် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁,၃၂၄.၇၅ ဖြင့် ၃.၃ % မြင့်တက်ခဲ့ကြောင်း Reuters သတင်းဌာနက ဖော်ပြထားပါသည်။
ရင်းမြစ်။ htttps://www.reuters.com
