နှစ်လအတွင်း အမေရိကန်ဒေါ်လာတန်ဖိုး အမြင့်ဆုံး ရောက်ရှိ
ယခုနှစ်အတွင်း အမေရိကန်ဗဟိုဘဏ်က အတိုးနှုန်းမြှင့်တင်လိမ့်မည်ဟူသော ကုန်သည်များ၏ ခန့်မှန်းချက်များ ပိုမိုမြင့်တက်လာမှုကြောင့် အမေရိကန်ဒေါ်လာတန်ဖိုးမှာ နှစ်လအတွင်း အမြင့်ဆုံးအဆင့်အနီးသို့ ရောက်ရှိခဲ့ပြီး ဂျပန်ယန်းငွေတန်ဖိုးမှာမူ ဝင်ရောက်ထိန်းကျောင်းရမည့် (Intervention Zone) အတွင်းသို့ ပိုမိုကျဆင်းသွားခဲ့ကြောင်း (Reuters) သတင်းဌာနက ဖော်ပြထားသည်။
ယူရိုငွေတန်ဖိုးသည် အမေရိကန်ဒေါ်လာနှင့်နှိုင်းယှဉ်ပါက နှစ်လအတွင်း အနိမ့်ဆုံးအဆင့်ဖြစ်သော ၁.၁၅၀၇ ဒေါ်လာသို့ ကျဆင်းသွားခဲ့ပြီး၊ စတာလင်ပေါင်မှာမူ သုံးပတ်အတွင်း အနိမ့်ဆုံးအဆင့်ဖြစ်သော ၁.၃၃၁၆၅ ဒေါ်လာတွင် ရုန်းကန်နေရပြီး၊ အလားတူ ဩစတြေးလျဒေါ်လာနှင့် နယူးဇီလန် ဒေါ်လာတို့သည်လည်း နှစ်လအတွင်း ၎င်းတို့၏ အနိမ့်ဆုံးအဆင့်များဖြစ်သည့် ၀.၇၀၁၆ ဒေါ်လာနှင့် ၀.၅၇၇၉ ဒေါ်လာသို့ အသီးသီးကျဆင်းသွားခဲ့ကြောင်း သိရှိရသည်။
စွမ်းအင်ဈေးနှုန်း အကျပ်အတည်းရှိသော်လည်း အမေရိကန်၊ အလုပ်အကိုင်စျေးကွက် အားကောင်းနေမှုကြောင့် အမေရိကန်၊ ဗဟိုဘဏ်က ယခုနှစ်နှောင်းပိုင်းတွင် ငွေကြေးမူဝါဒကို တင်းကျပ်နိုင်ခြေရှိပြီး အတိုးနှုန်းကို ၀.၂၅ % တိုးမြှင့်လိမ့်မည်ဟု ခန့်မှန်းထားကြောင်း Capital Economics မှ အကြီးတန်းစျေးကွက် စီးပွားရေးပညာရှင် Jonas Goltermann က ပြောကြားခဲ့သည်။
ဒေါ်လာတန်ဖိုး အားကောင်းလာမှုက ဂျပန်ယန်းငွေအတွက် ပိုမိုဆိုးရွားသောအခြေအနေများ ဖြစ်ပေါ်စေခဲ့ပြီး လက်ရှိတွင် တစ်ဒေါ်လာလျှင် ၁၆၀.၂၉ ယန်း ဈေးပေါက်နေပါသည်။ လွန်ခဲ့သော ၁ လခန့်က ဂျပန်ဗဟိုဘဏ် (BOJ) မှ ဂျပန်ယန်းတန်ဖိုးကျဆင်းမှုကို ဝင်ရောက်ထိန်းကျောင်းသည့်အနေဖြင့် ယန်းငွေ ၁၁.၇ ထရီလီယံကို ထည့်ဝင်ခဲ့မှုမှ ရရှိသော အကျိုးအမြတ်များကလည်း ယခုအခါ မရှိတော့ပဲ အတိုးနှုန်းကွာဟချက် ကြာရှည်နေခြင်းက အားနည်းချက်ဖြစ်ကြောင်း၊ ငွေကြေးမူဝါဒ ပြောင်းလဲမှုအပေါ် များစွာမူတည်ကြောင်း စီးပွားရေးပညာရှင်တစ်ဦးက ပြောကြားခဲ့သည်။
အရှေ့အလယ်ပိုင်းပဋိပက္ခ ပြင်းထန်လာမှုက စျေးကွက်များကို မရိုက်ခတ်ပါက ဂျပန်ဗဟိုဘဏ် (BOJ) အနေဖြင့် ယခုလအတွင်း အတိုးနှုန်းမြှင့်တင်ရန် မျှော်မှန်းထားကြောင်း သတင်းရင်းမြစ်များကို ကိုးကား၍ Reuters သတင်းဌာနက ဖော်ပြထားသည်။
ရင်းမြစ်။ https://www.reuters.com
