သတ်မှတ်ချက်ကိုက်ညီသော အာဖရိက ၅၃ နိုင်ငံမှ ကော်ဖီစေ့များကို တင်သွင်းခွင့်ပြုမည့် တရုတ်
တရုတ်၏ သတ်မှတ်ချက်ကိုက်ညီသော အာဖရိက ၅၃ နိုင်ငံမှ ကော်ဖီစေ့များကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်မှစ၍ တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း၊ အာဖရိကနိုင်ငံအများစုအတွက် အဓိကစိုက်ပျိုးရေးထွက်ကုန်နှင့် စီးပွားရေးအထောက်အကူဖြစ်သော ကော်ဖီစေ့များသည် ငရုတ်သီးခြောက်ပြီးလျှင် တရုတ်ဈေးကွက်သို့ ရောဂါပိုးမွှားကင်းစင်မှုအပြည့်ဖြင့် ဝင်ရောက်ခွင့်ရရှိသည့် ဒုတိယမြောက် အာဖရိကစိုက်ပျိုးရေးထွက်ကုန်ဖြစ်လာကြောင်း တရုတ်၊ အထွေထွေအကောက်ခွန်ဦးစီးဌာန (GAC) က ကြေညာလိုက်သည်။
အီသီယိုပီးယားနှင့် ဘူရွန်ဒီအပါအဝင် အာဖရိကနိုင်ငံအချို့သည် တရုတ်နိုင်ငံသို့ ကော်ဖီစေ့တင်ပို့ခွင့် ရရှိထားသော်လည်း မောရစ်ရှပ်၊ အင်ဂိုလာ၊ တိုဂို၊ ဂီနီ၊ လိုင်ဘေးရီးယားနှင့် ဆောင်တူမေးနှင့် ပရင်စီပီ အပါအဝင် အခြားအာဖရိကနိုင်ငံအချို့မှာ တင်ပို့ခွင့်လျှောက်ထားနေရကြောင်း တရားဝင်အချက်အလက်များအရ သိရသည်။
အာဖရိက၏ ကော်ဖီထုတ်လုပ်မှုနှင့် ပိုးမွှားအန္တရာယ်ထိန်းချုပ်ရေးစနစ်များကို အကဲဖြတ်စစ်ဆေးမှုများ ဆောင်ရွက်ပြီးနောက် GAC က အပင်ပိုးမွှားကင်းစင်ရေးသတ်မှတ်ချက်များကို တစ်ပြေးညီ ထုတ်ပြန်ခဲ့ပြီး၊ ယခင်က နိုင်ငံတစ်နိုင်ငံချင်းစီ သီးသန့်ညှိနှိုင်းရသည့် ရောဂါပိုးမွှားကင်းစင်ရေး သဘောတူညီချက်များကို ပယ်ဖျက်ကာ ဈေးကွက်ဝင်ရောက်ခွင့် လုပ်ငန်းစဉ်များကို သိသိသာသာ လွယ်ကူလျင်မြန်စေခဲ့သည်။
ရောဂါပိုးမွှားကင်းစင်ရေးဆိုင်ရာ အပြည့်အဝဝင်ရောက်ခွင့်ရရှိခြင်းသည် နယ်စပ်စစ်ဆေးမှုများမှ ကင်းလွတ်ခွင့်ရခြင်းကို ဆိုလိုခြင်းမဟုတ်ဘဲ ကုန်စည်အားလုံးသည် GAC ၏ ၂၀၂၆ ခုနှစ် ကြေညာချက်အမှတ် (၆၈) တွင် ပြဋ္ဌာန်းထားသည့် သတ်မှတ်ချက်များကို မပျက်မကွက် လိုက်နာရမည်ဖြစ်ကြောင်း အတွင်းစကားများအရ သိရှိရပါသည်။
အရည်အသွေးပိုမိုမြင့်မားပြီး အန္တရာယ်ကင်းစိတ်ချရသည့် အာဖရိက၊ လယ်ယာနှင့် စားသောက်ကုန်ပစ္စည်းများကို တရုတ်ဈေးကွက်သို့ ပိုမိုတင်သွင်းနိုင်ရန် အဆင့်မြှင့်တင်ထားသော Green Channel ကုန်သွယ်မှုလွယ်ကူချောမွေ့ရေးနည်းလမ်းများကို ဆက်လက်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း GAC က တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ရင်းမြစ်။ https://www.kbc.co.ke/
