စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် မူပိုင်ခွင့်ဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် အပင်မျိုးသစ်အကာအကွယ်ပေးရေးစနစ်အပါအဝင် မူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ
နေပြည်တော်၊ ဖေဖော်ဝါရီ ၃ ရက်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် အပင်မျိုးသစ်အကာအကွယ်ပေးရေးစနစ်အပါအဝင် မူပိုင်ခွင့်ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့နံနက် ၉ နာရီအချိန်၌ နေပြည်တော်ရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ နဝရတ်ခန်းမတွင်ကျင်းပရာ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကား ပြောကြားသည်။
အဆိုပါအသိပညာပေးဆွေးနွေးပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော သုတေသနပညာရှင်များ၊ တက္ကသိုလ်၊ သက်ဆိုင်ရာဌာနများနှင့် ပုဂ္ဂလိကကုမ္ပဏီများမှ ကိုယ်စားလှယ်များ တက်ရောက်ကြ သည်။
ဆွေးနွေးပွဲတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းက မြန်မာနိုင်ငံတွင် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ၊ တီထွင်မှုမူပိုင်ခွင့် ဥပဒေနှင့် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေတို့ကို ၂၀၁၉ခုနှစ်တွင်ပြဋ္ဌာန်းခဲ့ပြီး အဆိုပါမူပိုင်ခွင့်လျှောက် ထားမှုများကိုလည်း လက်ခံဆောင်ရွက်လျက်ရှိပါကြောင်း၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနအနေဖြင့် မူပိုင်ခွင့်အမျိုးအစားတစ်ခုဖြစ်သည့် အပင်မျိုးသစ်အကာအကွယ်ပေးရေးဥပဒေကို ၂၀၁၉ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပါကြောင်း၊ အဆိုပါ အပင်မျိုးသစ်ဥပဒေဖြင့် အပင်မျိုးသစ်(၄၉)ခု ကာကွယ်လျှောက်ထားနိုင် ပြီး၊ (၁၂)ခုအတွက် ကာကွယ်ခွင့်အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးနိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးကဏ္ဍများတွင် အပင်မျိုးသစ်များနှင့် စိုက်ပျိုးရေးဆိုင်ရာနည်းပညာများ သုတေသနပြုလုပ်ခြင်းများ နှင့်သုတေသနပညာရှင်များကမျိုးစေ့ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးရောင်းချလျက်ရှိသည့် ပုဂ္ဂလိကကုမ္ပဏီ များအကြား မူပိုင်ခွင့်အကာအကွယ်ပေးခြင်းများနှင့် စိုက်ပျိုးရေးကဏ္ဍများနှင့်စပ်လျဉ်း၍ မူပိုင်ခွင့်အကာအကွယ်ပေးခြင်းများကို အသုံးပြုမှုပိုမိုမြှင့်တင်ခြင်းဖြင့် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်နိုင်စေရန် ရည်ရွယ်ကျင်းပရခြင်းဖြစ်ပါကြောင်းပြောကြားခဲ့သည်။
ဆက်လက်၍ မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က နိုင်ငံစီးပွားဖွံဖြိုးတိုးတက်ရေးအတွက် မူပိုင်ခွင့်ကဏ္ဍဖွံဖြိုးတိုးတက်ရေးသည်အခြေခံကျပါကြောင်း၊ ကုန်သွယ်မှုနှင့်သက်ဆိုင်သည့် မူပိုင်ခွင့်ဆိုင်ရာအကာအကွယ်ပေးခြင်းများကို ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့ဝင်နိုင်ငံများက ကာကွယ်ဆောင် ရွက်ရန် လိုအပ်ပါကြောင်း၊မြန်မာနိုင်ငံတွင်မူပိုင်ခွင့်နှင့်စပ်လျဉ်းသည့်ကိစ္စရပ်များကို တာဝန်ယူဆောင်ရွက်ရသည့်ဝန်ကြီးဌာနသည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဖြစ်ပါကြောင်း၊ မူပိုင်ခွင့်စနစ်တစ်ရပ်တည်ထောင်နိုင်ရန် ပြည်ပမှ မူပိုင်ခွင့်ဆိုင်ရာပညာရှင်များ ဖိတ်ကြား၍ ပူးပေါင်း လေ့လာဆောင်ရွက်ခဲ့ရပါကြောင်း၊ မူပိုင်ခွင့်ဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ သုတေသနဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ စီးပွားရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာများ မွေးထုတ်ပေး သည့် သုတေသနဌာနများ၊ တက္ကသိုလ်/ကောလိပ်ကျောင်းများ ပါဝင်ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ဦးစီးဌာနများနှင့် ပူးပေါင်း၍အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း ပြောကြား ခဲ့ပြီး မူပိုင်ခွင့်အကာ အကွယ်ယူခြင်းဆိုင်ရာသိကောင်းစရာများ၊ မူပိုင်ခွင့်စနစ် အသုံးပြုခြင်းများ၊ ရရှိမည့်အကျိုးကျေးဇူးများအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ထို့နောက် မူပိုင်ခွင့်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က တီထွင်မှုအကြောင်းသိကောင်းစရာ များအကြောင်း၊ ညွှန်ကြားရေးမှူး ဒေါက်အေးသီရိဝေက အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းဆိုင်ရာ သိကောင်းစရာများအကြောင်း၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာပပဝင်းက အပင်မျိုးသစ်အကာအကွယ်ပေးရေးစနစ်ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းများအကြောင်း၊ ညွှန်ကြားရေးမှူး ဒေါ်သက်သက်ဦးက မြန်မာနိုင်ငံ၏ အပင်မျိုးသစ်အကာအကွယ်ပေးရေးစနစ်အကြောင်း၊ အပင်မျိုးသစ် အကာအကွယ်ပေးရေးဌာနစုတာဝန်ခံ ဒေါ်ခင်စန္ဒာချိုက အပင်မျိုးသစ်အကာအကွယ်ပေးရေးဥပဒေနှင့် လုပ်ထုံးလုပ်နည်းများအကြောင်း သိကောင်းစရာများရှင်းလင်းဟောပြောခဲ့ပါသည်။ ဆွေးနွေးပွဲသို့ တက်ရောက်လာသူများမှ မေးမြန်းခြင်းများအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကာ ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။