စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ Introduction Course on WTO (Principles and General Rules) သင်တန်းဖွင့်ပွဲသို့ တက်ရောက်အမှာစကားပြောကြား

Tue, 02/06/2024 - 03:21 -- mocadmin

နေပြည်တော်၊ ဖေဖော်ဝါရီ ၅   

   စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ နေပြည်တော်၊ ရုံးအမှတ် (၃) ညီလာခံခန်းမ၌ Introduction Course on WTO (Principles and General Rules) သင်တန်းဖွင့်ပွဲကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၅)ရက်၊ တနင်္လာနေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

   စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့တွင် ၁၉၉၅ ခုနှစ်တွင် စတင်ဝင်ရောက်ခဲ့ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ တာဝန်ခံဆောင်ရွက်နေရသည့် ဝန်ကြီးဌာနဖြစ်ကြောင်း၊  ဝန်ကြီးဌာနသည် နိုင်ငံတကာနှင့် ကုန်သွယ်မှုကိစ္စရပ်များ ဆောင်ရွက်နေရသဖြင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ဆောင်ရွက်ချက်များ၊ အခြေခံစည်းမျဉ်းများ၊ နိုင်ငံစုံသဘောတူညီချက်များ၊ အကောင်အထည်ဖော်ရာတွင် လိုက်ပါဆောင်ရွက်ရမည့် ကတိကဝတ်များ၊ အငြင်းပွားမှုဆိုင်ရာပြဿနာများ၊ နည်းပညာဆိုင်ရာ အထောက်အပံ့များကို သိရှိစေရန်အတွက် ရည်ရွယ်ပြီးဖွင့်လှစ်သင်ကြားပေးမည့် သင်တန်းဖြစ်ပါကြောင်း၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ စတင်တည်ထောင်စဉ်က အဖွဲ့ဝင်နိုင်ငံများအကြား ခွဲခြားမှုမရှိစေရေး (Non-Discrimination) နှင့် ပွင့်လင်းမြင်သာမှုရှိရေး (Transparency) တို့ကိုသာ ချမှတ်ခဲ့သော်လည်း  ကမ္ဘာလုံးဆိုင်ရာဆက်စပ်ပြောင်းလဲမှု (Globalization) နောက်ပိုင်းခေတ်ကာလနှင့် လျော်ညီစွာ မျှတစွာယှဉ်ပြိုင်မှု (Fair Competition) ပတ်ဝန်းကျင်ထိန်းသိမ်းရေး (Environmental Preservation) နိုင်ငံစုံကုန်သွယ်မှုမှာ နိုင်ငံများပါလိုက်ပါနိုင်ရေး (Inclusive) ကိစ္စရပ်များကို အခြေခံထည့်သွင်းလာတာကို တွေ့ရပါကြောင်း၊ မြန်မာနိုင်ငံသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ပွင့်လင်းမြင်သာမှုရှိရေးကတိကဝတ်အရ ကုန်သွယ်မှုနည်းလမ်းများအား အကြောင်းကြားခြင်း(Notification) များ ဆောင်ရွက်သကဲ့သို့ ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်းလုပ်ငန်းစဉ်များကိုလည်း ၂၀၁၄ ခုနှစ်မှာ တစ်ကြိမ်၊ ၂၀၂၁ ခုနှစ်မှာ တစ်ကြိမ် (၂) ကြိမ်ဆောင်ရွက်ခဲ့ပါကြောင်း၊ သင်တန်းသား/သူများအနေဖြင့် သင်တန်းတွင် ပို့ချမည့်သင်ခန်းစာများအား ဂရုတစိုက်လေ့လာမှတ်သားခြင်းအားဖြင့် မိမိဝန်ကြီးဌာနအတွက် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်ရာတွင် အထောက်အကူပြုဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ပြောကြားပါသည်။

   အဆိုပါသင်တန်းဖွင့်ပွဲသို့ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် သင်တန်းသား/သူ (၃၅) ဦးတို့ တက်ရောက်ကြပြီး ပြည်ထောင်စုဝန်ကြီးသည် သင်တန်းသား/သူများနှင့်အတူ လန်းဆန်းစာများကို သုံးဆောင်ခဲ့ကြောင်းနှင့် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၏ WTO သံမှူးများအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူများ၊ ဂျီနီဗာမြို့ရှိ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (ရုံးချုပ်)တွင် အလုပ်သင်အဖြစ် သင်တန်းတက်ရောက်ခဲ့ဖူးသည့် အရာရှိကြီးများက သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

နောက်ဆုံးရသတင်းများ

Pages