Apple သည် ပေကျင်း၏ ညွှန်ကြားချက်များကြောင့် WhatsApp နှင့် Thread အပလီကေးရှင်းများကို တရုတ်နိုင်ငံအတွက် အပလီကေးရှင်းစတိုးမှ ဖျက်ပေးခဲ့ရ

Fri, 05/03/2024 - 02:25 -- dotadmin

တရုတ်နိုင်ငံ၏ အင်တာနက်စောင့်ကြည့်ရေးအဖွဲ့ဖြစ်သော ဆိုက်ဘာစပေ့စ်အုပ်ချုပ်ရေးဌာနမှ အမျိုးသားလုံခြုံရေး အကြောင်းပြချက်များဖြင့် Apple အပလီကေးရှင်းစတိုးတွင်ပါရှိသည့် WhatsApp နှင့် Thread အပလီကေးရှင်းများကို ဖျက်ပေးရန် လမ်းညွှန်ခဲ့ကြောင်း၊ မိမိတို့က သဘောမတူသော်လည်း လာရောက်လုပ်ကိုင်နေသည့် နိုင်ငံ၏ဥပဒေများကို လိုက်နာရန် လိုအပ်ပါကြောင်း၊ အဆိုပါအပလီကေးရှင်းများကို အခြားအပလီကေးရှင်းစတိုးများမှ ဒေါင်းလုပ်ရယူနိုင် ပါကြောင်း Apple ၏ ပြောရေးဆိုခွင့်ရှိသူက CNN သို့ သောကြာနေ့က ပြောကြားခဲ့ ပါသည်။

Meta မှ ပိုင်သည့် အဆိုပါအပလီကေးရှင်း ၂ ခုကို တရုတ်နိုင်ငံတွင် ပိတ်ပင်ထားပြီး တွင်ကျယ်စွာ အသုံးပြုခြင်းမရှိပဲ ၎င်းတို့ကို VPN ကြားခံ၍ အသုံးပြုနိုင်ပါသည်။ ပေကျင်းအခြေစိုက် စီးပွားရေး လုပ်ငန်းအကြံပေးကုမ္ပဏီတစ်ခုဖြစ်သည့် BDA China မှ ဥက္ကဌ Duncan Clark က Apple အား ယခုကဲ့သို့ အပလီကေးရှင်းများကိုဖျက်ပေးရန် လမ်းညွှန်မှုသည် ရှိရင်းစွဲနည်းပညာကွာဟမှုများကို ပြည်တွင်းနှင့်ပြည်ပအကြား ပိုမိုဆိုးဝါး စေမည်ဖြစ်ကြောင်း၊ ပြည်ပနှင့်ဆက်သွယ်နေသော တရုတ်စီးပွားရေးလုပ်ငန်းများ၊ တရုတ်နိုင်ငံသားများအတွက် အခက်အခဲဖြစ်စေသလို VPNကြားခံ အသုံးပြုခြင်းကလည်း မကြာခဏ update ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အခြားလူမှုကွန်ယက်အပလီကေးရှင်းများဖြစ်သော X (တွစ်တာ)၊ ဖေစ်ဘုတ်၊ အင်စတာဂရမ်နှင့် မက်ဆင်ဂျာတို့မှာ Apple ၏ တရုတ်နိုင်ငံအတွက် အပလီကေးရှင်းစတိုးတွင် ဆက်လက်ရှိနေမည်ဖြစ်ကြောင်း၊ ယခုနှစ်ပထမ သုံးလပတ်အတွင်း တရုတ်နိုင်ငံ၌ Apple အရောင်းနှုန်းသည် ၁၀ % ကျဆင်းခဲ့ပြီးနောက် ကုမ္ပဏီဘက်က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါသည်။

အမျိုးသားရေးဝါဒ ၊ ကျဆင်းနေသောစီးပွားရေးနှင့် ပြင်းထန်လာသော ယှဉ်ပြိုင်မှုများကြောင့် ပြီးခဲ့သည့်လများမှစ၍ တရုတ်နိုင်ငံအတွင်း Apple ရောင်းအားကျဆင်းခဲ့ပါသည်။ Apple ကို ယခင်ကသုံးခဲ့သည့် တရုတ်နိုင်ငံသားများသည် တရုတ်အမှတ်တံဆိပ်ဖုန်းများဖြစ်သော ဟာဝေး၊ ရှောင်မီနှင့် အော်ပို/ဝမ်းပလပ်စ်တို့ကို ပြန်လည်အသုံးပြုမည်ဟု နိုင်ငံတကာဈေးကွက်သုတေသနအဖွဲ့ (International Data Corporation-IDC) ကခန့်မှန်း ထားပါသည်။

တရုတ်နိုင်ငံသည် အဓိကထုတ်လုပ်သည့်နေရာဖြစ်သော်လည်း Apple အတွက် အမေရိကန်ပြီးလျှင် အကြီးဆုံးဈေးကွက်တစ်ခုဖြစ်ပါသည်။ကုမ္ပဏီ အနေဖြင့် တရုတ်နိုင်ငံအတွင်း အရောင်းမြှင့်တင်ရေး ဈေးလျှော့ခြင်းများ ဆက်လက်ဆောင်ရွက်မည်ဖြစ်ပါသည်။ Apple စီအီးအို Tim Cook သည် ပြီးခဲ့သည့်လက ရှန်ဟိုင်းသို့ သွားရောက်၍ ကမ္ဘာ့ဒုတိယအကြီးဆုံး Apple စတိုးကို ဖွင့်လှစ်ခဲ့ပါသည်။

Source :       CNN

WTO ဌာနခွဲ

ကုန်သွယ်ရေးဦးစီးဌာန

International Trade News

Pages