ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအကျိုးကျေးဇူးများကို ဆက်လက်ရရှိရန် စေ့စပ်ညှိနှိုင်းရေးစွမ်းရည်ကို မြှင့်တင်ရန် လိုအပ်နေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံ

Fri, 04/12/2024 - 03:51 -- wtodep

၂၀၂၆ ခုနှစ်တွင် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအဆင့်မှ လွတ်မြောက်တော့မည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် ၎င်း၏ ပုဂ္ဂလိကကဏ္ဍ ပါဝင်မှုတိုးမြှင့်ရန်နှင့် ဖွံ့ဖြိုးမှုအနည်းဆုံးအဆင့်နိုင်ငံများအတွက် ဦးစားပေးအခွင့်အရေးများကို ဆက်လက်ရရှိရေး စေ့စပ် ညှိနှိုင်းမှုစွမ်းရည်များ တိုးမြှင့်ရန်လိုအပ်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့မှုကို TBS သတင်းဌာနက ဖော်ပြခဲ့ပါသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ စာရင်းကိုင်တက္ကသိုလ် (Institute of Chartered Accountants) မှ မတ်လ ၂၄ ရက်တွင် ကျင်းပခဲ့သည့် “ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ (၁၃)ကြိမ်မြောက် ဝန်ကြီးအဆင့် ညီလာခံ ရလဒ်များ ” စားပွဲဝိုင်းဆွေးနွေးပွဲတွင် ပါမောက္ခ မူစတာဖီဆာရာမန်က နိုင်ငံပေါင်း ၁၅ နိုင်ငံသည် ဖွံ့ဖြိုးမှုအနည်းဆုံးအဆင့်မှ ကွဲပြားသော အနေအထားများဖြင့် လွတ်မြောက်တော့ မည်ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်အပါအဝင် နိုင်ငံ ၅ နိုင်ငံသည် အချိန်သတ်မှတ်ထားပြီးဖြစ်ကြောင်း၊ အကောက်ခွန်နှင့်ကိုတာ ကင်းလွတ်ခွင့် အပါအဝင် အခြားဦးစားပေးအခွင့်အရေးများကို နောက်ထပ်ကာလတစ်ခုအထိ ဆက်လက်ရရှိရေး ခိုင်ခိုင်မာမာ ဆွေးနွေးသွားရန်နှင့်အခွင့်အရေးပေးအပ်သည့် ဂျပန်၊ ကနေဒါ၊ တောင်ကိုရီးယားတို့နှင့် ဆွေးနွေးရန်လိုကြောင်း၊ ပြောကြားခဲ့ပါသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ငါးလုပ်ငန်းထောက်ပံ့မှုများတွင် ကင်းလွတ်ခွင့်ရစေရန် စေ့စပ်ညှိနှိုင်းမှု အပြင် အမျိုးမျိုးသောသဘောတူညီချက်များ၌ ပါ၀င်ရန် လိုအပ်ကြောင်း၊ လက်ရှိတွင် ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံများ၌ အီလက်ထရောနစ်စနစ် ကူးသန်းရောင်းဝယ်ခြင်းများအပေါ် အခွန် စည်းကြပ်ခြင်း မပြုကြသဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် နှစ်စဉ်အကောက်ခွန်မှ ဝင်ငွေ ဒေါ်လာ သန်း ၄၀ ခန့် ဆုံးရှုံးနေရပြီး ထိုအချက်ကို ဆွေးနွေးသင့်ပါကြောင်း မူစတာဖီဆာရာမန်က ပြောကြားခဲ့ပါသည်။

ဘင်္ဂလားဒေ့ရှ်အနေဖြင့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ၊ ဖွံ့ဖြိုးမှုအနည်းဆုံးမှ လွတ်မြောက်သောနိုင်ငံ၊ ထိုမှတဆင့်  ဖွံ့ဖြိုးဆဲနိုင်ငံအဆင့်သို့ ကူးပြောင်းရေးတွင် ထုတ်လုပ်မှု၊ ကျွမ်းကျင်လိမ္မာမှုနှင့် ယှဉ်ပြိုင်နိုင်သော ဈေးကွက်ရရှိမှုတို့အတွက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ၂၀၂၆ ခုနှစ် နောက်ပိုင်းတွင် စျေးကွက်ဝင်ရောက်ရေးဆိုင်ရာ အခွင့်အရေးများ မရှိတော့သဖြင့် ရှင်သန်ရပ်တည် ရန်အတွက် ကွဲပြားသော ထုတ်ကုန်မျိုးစုံ ထုတ်လုပ်ရန်နှင့် ပို့ကုန်ကိုလည်း မျိုးစုံပို့နိုင်ရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပိုမိုလွတ်လပ်၍ အလုံးစုံခြုံငုံသည့် ကုန်သွယ်မှုသဘောတူညီချက်များလည်း ဆောင်ရွက်ရန်လိုကြောင်း၊ မူစတာဖီဆာက ထပ်လောင်းပြောကြားခဲ့ပါသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံစာရင်းကိုင်တက္ကသိုလ် ပါမောက္ခချုပ် မိုဟာမက်အူဒင်က ဘင်္ဂလားဒေ့ရှ်အနေ ဖြင့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအဆင့်မှ လွတ်မြောက်ပြီးနောက် သက်သာသောဈေးကွက် ဝင်ရောက်ခွင့်၊ ဝန်ဆောင်မှုများနှင့် ဝန်ဆောင်မှုပေးသူများအတွက် အထူးအခွင့်အရေးများ၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ စည်းမျဉ်းများအောက်ရှိ တာဝန်များနှင့် ဖြေလျှော့ပေးမှုတို့အပေါ် စဉ်းစားထားရန် လိုအပ်ကြောင်း၊  အဘူဒါဘီ၊ ဝန်ကြီးအဆင့်ညီလာခံတွင် အီလက်ထရောနစ် စနစ် ကူးသန်းရောင်းဝယ်ခြင်းများအပေါ် အခွန်စည်းကြပ်ခြင်းမပြုရန်ကို နောက်ထပ် ၂ နှစ် ဆက်လက်ကျင့်သုံးရန် ဆုံးဖြတ်ခဲ့ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် နိုင်ငံ့ဝင်ငွေဆုံးရှုံးသော်လည်း ၂၀၄၁ ခုနှစ်တွင် အကောင်အထည်ဖော်မည့် စမတ်ဘင်္ဂလားဒေ့ရှ်ရည်မှန်းချက်အတွက် အထောက်အကူပြုနိုင်ကြောင်း ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အစားအစာနှင့် လယ်ယာထွက်ကုန်များကို တင်သွင်းသော်လည်း စားနပ် ရိက္ခာတင်သွင်းသည့် နိုင်ငံများစာရင်းတွင် မပါဝင်သေးကြောင်း၊ အဘူဒါဘီ၏ ဆုံးဖြတ်ချက် များတွင် ပို့ကုန်ကန့်သတ်မှုများနှင့်ပတ်သက်ပြီး မပါဝင်ရာ ဘင်္ဂလားဒေ့ရှ်အနေဖြင့် စိုးရိမ်ပူပန် ပါကြောင်း ပါမောက္ခချုပ် မိုဟာမက်အူဒင်က ပြောကြားခဲ့သည်။

ဖွံ့ဖြိုးတိုးတက်မှုအတွက် စီးပွားရေးလုပ်ငန်းများ၏ ဦးဆောင်မှုအဖွဲ့ (Business Initiative Leading Development) ၏ အမှုဆောင်အရာရှိချုပ် Ferdaus Ara Begum က ကုန်သွယ်မှု ဆိုင်ရာညှိနှိုင်းမှုများ ပိုမိုခက်ခဲလာသောကြောင့် ပုဂ္ဂလိကကဏ္ဍအနေဖြင့် ထုတ်လုပ်မှုကုန်ကျ စရိတ်ထက် လျှော့ချထားသည့် ထုတ်ကုန်များ (antidumping products) ကို ပိုမိုအာရုံစိုက်ရန်နှင့် ပညာရှင်များနှင့် စက်မှုလုပ်ငန်းများအကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့် လုပ်ဆောင်ရန် အတွက်ကိုလည်း တောင်းဆိုခဲ့သည်။

ဘင်္ဂလားဒေ့ရှ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၏ အကြံပေးပုဂ္ဂိုလ် မန်ဇူးအာမက်က နိုင်ငံခြား ကုန်သွယ်မှုသည် ဒေသတွင်းရှိ နှစ်နိုင်ငံနှင့် အခြားကူးသန်း ရောင်းဝယ်ရေးသဘောတူညီချက်များမှ ပေါင်းကူးသင့်ကြောင်း၊ အနာဂတ်တွင် နိုင်ငံစုံ ကုန်သွယ်မှုကို လက်တွေ့ကျသည့်ကဏ္ဍများတွင် ပိုမိုအကောင်အထည်ဖော်သင့်သည်ဟု  ပြောကြားခဲ့သည်။

Source; www.tbsnews.net

International Trade News

Pages