နိုင်ငံ ၅ နိုင်ငံတွင် QR code ငွေပေးချေမှုစနစ် တိုးချဲ့လိုက်သော WeChat Pay
တရုတ်နိုင်ငံ၏ ဒီဂျစ်တယ်ငွေပေးချေမှုစနစ်ဖြစ်သော WeChat Pay သည် တရုတ်တွင်သာမက တောင်ကိုရီးယား၊ သီရိလင်္ကာ၊ ထိုင်း၊ မလေးရှားနှင့် စင်ကာပူ စသည့် နိုင်ငံ ၅ နိုင်ငံတွင် ပြည်တွင်း QR code ဖြင့် ငွေပေးချေမှုများ ပြုလုပ်နိုင်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။
အဆိုပါနိုင်ငံများရှိ WeChat Pay အသုံးပြုသူများအနေဖြင့် WeChat သီးသန့် QR code ကို ထပ်မံရှာဖွေရန် မလိုတော့ဘဲ တရုတ်ပြည်တွင်းသုံး ငွေပေးချေမှုစနစ်များအတွက် ထုတ်ပေးထားသော QR ကုဒ်များကို အသုံးပြု၍ တိုက်ရိုက်စကင်ဖတ် (Scan) ပေးချေနိုင်ပြီဖြစ်သည်။
WeChat Pay တာဝန်ရှိသူတစ်ဦးက ယခုကဲ့သို့ အခြားနိုင်ငံများနှင့် ပေါင်းစည်းနိုင်ခြင်းသည် ၎င်းတို့၏ ပြည်တွင်းငွေပေးချေမှု အခြေခံအဆောက်အဦနှင့် စည်းမျဉ်းနှင့်အညီ ဆောင်ရွက်ထားခြင်းကြောင့်ဖြစ်ကြောင်း၊ အဆိုပါနိုင်ငံများသို့ သွားရောက်လည်ပတ်သည့် ခရီးသွားများအနေဖြင့် ပြည်တွင်း အက်ပလီကေးရှင်း (App) များကို ဒေါင်းလုဒ်ရယူခြင်း သို့မဟုတ် ပြည်တွင်းငွေကြေးများဖြင့် လဲလှယ်ခြင်းတို့ မလိုအပ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။
လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်အဖွဲ့၏ ထုတ်ပြန်ချက်အရ ဇန်နဝါရီလမှ မတ်လအထိ နယ်စပ်ဖြတ်ကျော် ခရီးသွားလာမှု ၁၈၅ သန်းရှိခဲ့ပြီး နှစ်စဉ် ၁၃.၅ % တိုးတက်နေကြောင်း၊ ပြည်ပခရီးသွားခြင်းနှင့် ပြည်တွင်းသို့ ဝင်ရောက်လည်ပတ်မှုများ တိုးတက်လာခြင်းက နိုင်ငံဖြတ်ကျော် ငွေပေးချေမှု လိုအပ်ချက်နှင့် အခွင့်အလမ်းများ ပိုမိုများပြားစေခဲ့ကြောင်း Xinhua သတင်းဌာနက ဖော်ပြထားပါသည်။
WeChat Pay သည် လက်ရှိတွင် နိုင်ငံပေါင်း ၇၈ နိုင်ငံနှင့် ချိတ်ဆက်ထားပြီး ငွေကြေးအမျိုးအစား ၃၆ မျိုးနှင့် ဆောင်ရွက်နိုင်ကြောင်း၊ အခြားတရုတ်နိုင်ငံသုံး e-wallet တစ်ခုဖြစ်သော Alipay သည် ကမ္ဘာတစ်ဝန်းရှိ e-wallet ပေါင်း ၄၀ ကျော်နှင့် ချိတ်ဆက်ထားပြီး နိုင်ငံအဆင့် QR code စနစ် ၁၀ ခု ကျော်နှင့် လုပ်ငန်းဆောင်ရွက်နေကြောင်း၊ ၎င်းသည် စျေးကွက် ၁၀၀ ကျော်၊ စီးပွားရေးလုပ်ငန်း သန်း ၁၅၀ ကျော်နှင့် အသုံးပြုသူ အကောင့် ၁.၈ ဘီလီယံကျော်ရှိကြောင်း၊ တရုတ်နိုင်ငံသည် နိုင်ငံခြားဘဏ်ကတ်များကို Alipay သို့မဟုတ် WeChat Pay တို့နှင့် ချိတ်ဆက်၍ ပြည်တွင်းရှိ ဆိုင်များတွင် သုံးစွဲနိုင်ရန် ခွင့်ပြုခြင်း၊ နိုင်ငံခြား e-wallets များကို တရုတ်နိုင်ငံအတွင်း အသုံးပြုနိုင်အောင် စီစဉ်ပေးခြင်းတို့ဖြင့် ပြည်တွင်းသို့ ဝင်ရောက်လာသူများ၏ ငွေပေးချေမှုစနစ်ကို ပိုမိုလွယ်ကူချောမွေ့အောင် ပြုလုပ်ပေးခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ်တွင် ပြည်တွင်းသို့ ဝင်ရောက်လာသော ခရီးသွား ၁၀ သန်းကျော်က ယင်းဝန်ဆောင်မှုများကို အသုံးပြုခဲ့ကြရာ သုံးစွဲမှုပမာဏမှာ ယခင်နှစ်ထက် ၁၀၀ % ကျော် တိုးတက်လာကြောင်းတို့ကို ဖော်ပြထားပါသည်။
တရုတ်ဗဟိုဘဏ်က ယခုနှစ်အတွင်း ယွမ်ငွေဖြင့် နိုင်ငံဖြတ်ကျော် ငွေပေးချေမှုစနစ် ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်မြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံဖြတ်ကျော် ငွေပေးချေမှုချိတ်ဆက်မှုများကို နည်းမျိုးစုံဖြင့် မြှင့်တင်သွားမည်ဖြစ်ကြောင်း ဇန်နဝါရီလတွင် ပြောကြားခဲ့သည်။
အဆိုပါ အစီအမံများသည် ငွေပေးချေမှုများကိုပိုမိုချောမွေ့စေပြီး တရုတ်နိုင်ငံ၏ ငွေပေးချေမှုကဏ္ဍ အပြောင်းအလဲအတွက် အထောက်အကူပြုကြောင်း၊ ထို့အပြင် ဒေသတွင်း ငွေပေးချေမှုစနစ်များ အကြားချိတ်ဆက်နိုင်မှုကို ကမ္ဘာ့အဆင့်သို့ မြှင့်တင်ရန်အတွက် တရုတ်နိုင်ငံ၏ နည်းလမ်းကောင်းများကို မျှဝေပေးရာလည်းရောက်ကြောင်း ဖော်ပြထားပါသည်။
ရင်းမြစ်။ https://english.news.cn/
