(၃၅) ကြိမ်မြောက် အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ ကျွမ်းကျင်သူများအဖွဲ့ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ

     (၃၅) ကြိမ်မြောက် အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ ကျွမ်းကျင်သူများအဖွဲ့ အစည်းအဝေး (ASEAN Experts Group on Competition-AEGC) နှင့် ဆက်စပ်အစည်းအဝေးများကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်မှ ၁၀ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တွင် လူကိုယ်တိုင်နှင့် Virtual စနစ်တို့ဖြင့် ပူးတွဲပုံစံ (Hybrid) ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ၂၀၂၅ ခုနှစ်၊ အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ ကျွမ်းကျင်သူများအဖွဲ့ ဥက္ကဋ္ဌအဖြစ် ကမ္ဘောဒီးယားနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် အဖွဲ့ဝင် Mrs. Ly Sopoirvichny က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

          အဆိုပါအစည်းအဝေးများ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ အာဆီယံအဖွဲ့ဝင်နိုင်ငံများ အကြား ယှဉ်ပြိုင်မှုဥပဒေ၊ ယှဉ်ပြိုင်မှုမူဝါဒများနှင့်စပ်လျဉ်း၍ လက်ရှိဆောင်ရွက်နေမှုအခြေအနေများ၊ ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်သွားမည့် အစီအစဉ်များ၊ ရင်ဆိုင်ကြုံတွေ့ နေရသောအခက်အခဲများ၊ စိန်ခေါ်မှုများအပေါ် ဖြေရှင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့် ယှဉ်ပြိုင်မှု အပေါ် အာဆီယံဒေသတွင်း စီးပွားရေးလုပ်ငန်းရှင်များ၏ ရှုမြင်ချက်များကို ညှိနှိုင်းဆွေးနွေးနိုင်ရန် အတွက် ကျင်းပပြုလုပ်ခြင်း ဖြစ်ပါသည်။

          (၃၅) ကြိမ်မြောက် အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ ကျွမ်းကျင်သူများအဖွဲ့အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်ခဲ့ပါသည် -

      (က) (၆) ကြိမ်မြောက် အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ အဖွဲ့အစည်းအကြီးအကဲများ အစည်းအဝေး (၂၀၂၅ ခုနှစ်၊        အောက်တိုဘာလ ၆ ရက်)

  ( ခ )   အာဆီယံစွမ်းဆောင်ရည်တည်ဆောက်ရေး လမ်းပြမြေပုံဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (၂၀၂၅ ခုနှစ်၊ အောက်        တိုဘာလ ၆ ရက်မှ ၇ ရက်ထိ)

           ( ဂ ) (၃၅) ကြိမ်မြောက် အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ ကျွမ်းကျင်သူများအဖွဲ့အစည်းအဝေး (၂၀၂၅ ခုနှစ်၊ အောတိုဘာလ ၇ ရက်မှ ၉ ရက်ထိ)

 (ဃ) ယှဉ်ပြိုင်မှုအပေါ် အာဆီယံဒေသတွင်း စီးပွားရေးလုပ်ငန်းရှင်များ၏ ရှုမြင်ချက်အညွှန်း စစ်တမ်းကောက်ယူခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်)

 ( င )   (၃) ကြိမ်မြောက် စီမံကိန်းဦးဆောင်ကော်မတီအစည်းအဝေး (၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်)

          (၃၅) ကြိမ်မြောက် အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာကျွမ်းကျင်သူများအဖွဲ့ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ ကျွမ်းကျင်သူများအဖွဲ့ ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး လေ့လာသူနိုင်ငံအဖြစ် တီမောလက်စတေ့နိုင်ငံက ပါဝင်တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးများသို့ မြန်မာနိုင်ငံမှ ကိုယ်စားလှယ်များအဖြစ် မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးသန်းမောင် ဦးဆောင်၍ ကော်မရှင်ရုံးမှ အရာထမ်းများက အွန်လိုင်းမှ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

          ဆက်စပ်အစည်းအဝေးများသို့ ရုရှား၊ ဩစတြေးလျ၊ နယူးဇီလန်၊ ဂျပန်၊ အမေရိကန်၊ ယူကေ၊ ကနေဒါနိုင်ငံတို့နှင့် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် GIZ အဖွဲ့မှ ကိုယ်စားလှယ်များ၊ ယှဉ်ြပိုင်မှုဆိုင်ရာကျွမ်းကျင်သူများ တက်ရောက်ခဲ့ကြပါသည်။